မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

နိုင်ငံတွင်းရှိ အသက်ပြည့်ပြီးသည့် လူငယ်၊ လူရွယ် တိုင်း မဖြစ်မနေ စစ်မှု ထမ်း ဆောင်ရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ပြီဖြစ်ကြောင်း ပြန်ပြီးနောက် စစ်မှု ထမ်းဆင့်ခေါ်ရေးဗဟို အဖွဲ့ကိုပါ ဖွဲ့စည်းလိုက်ကြောင်း စစ်ကောင်စီက ကြေညာသည်။

စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး တင်အောင်စန်းကတာဝန်ယူပြီး ဒုဥက္ကဋ္ဌအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး ကြည်း၊ရေ၊ လေမှ ဒုဗိုလ်ချုပ်ကြီး မောင်မောင်အေးက တာ၀န်ယူမည်ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

ထို့အပြင် စစ်ကောင်စီ၏ ပြည်ထဲရေး၊ နယ်စပ်ရေးရာ၊ ဥပဒေရေးရာ၊ ပြန်ကြားရေး၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ လူ၀င်မှုကြီးကြပ်ရေး၊ အလုပ်သမား၊ ပညာရေး၊ ကျန်းမာရေး၊ တိုင်းရင်းသားရေးရာ၀န်ကြီးဌာနများအားလုံး အဖွဲ့၀င်များအဖြစ် ပါ၀င်ပြီး စစ်ထောက်ချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံးနှင့်တပ်မတော်လေ့ကျင့်ရေး၊ ဆေး၀န် ထမ်းညွှန် ကြားရေး စစ်ရေးချုပ်ရုံး၊ ပြည်သူ့စစ်နှင့်နယ်ခြားစောင့်တပ်ရုံးများပါမကျန် ထည့်သွင်း ဖွဲ့စည်း ထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့ ၀န်ကြီးဌာနပေါင်းစုံနှင့် ဆေး၀န်ထမ်းညွှန် ကြားရေးပါမကျန် ဆင့်ခေါ်ရေး ဗဟိုအဖွဲ့တွင် ထည့်သွင်းထားသည့်အတွက် လက်ရှိတာ၀န်ထမ်း ဆောင်နေသည့် Non CDM ဝန်ထမ်းများကို စစ်မှုထမ်းရန်အတွက် ဆိုင်ရာ၀န်ကြီးဌာနများမှတစ်ဆင့် ခေါ်ယူ သွားမည့်အစီ အစဉ်ရှိနေကြောင်း သိရသည်။

အဆိုပါ စစ်မှုမထမ်းမနေရ ထမ်းရန်အတွက် လူသစ် စုဆောင်းခြင်းကို ယခုလာမည့် ဧပြီလအတွင်း လုပ်ဆောင်တော့မည်ဟု စစ်ကောင်စီ၏ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက BBC အား ဖြေကြားထားသည်ကို တွေ့ရသည်။

စစ်မှုထမ်းဆောင်ရန် တပ်သားသစ်စုဆောင်းရာတွင် အပတ်စဉ်တစ်ခုလျှင် လူဦးရေ ၅,၀၀၀ ‌ခန့် ခေါ်ရန်ရည်မှန်းထားပြီး ရှေ့တန်းသို့စေလွှတ်ရန်ပါ ထည့်သွင်းစဉ်းစား ထားသည်ဟု ၎င်းကဆိုသည်။

ထို့အပြင် နယ်ပယ်စုံမှ ကျွမ်းကျင်ပညာရှင်များကိုလည်း လိုအပ်နေသည့်အတွက် တပ်သားသစ်စု ဆောင်းရာတွင်မဖြစ် မနေ ထည့်သွင်းခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဥပဒေသည် အမျိုးသားအနေနှင့် အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်း၊ အမျိုးသမီး ဖြစ်ပါက အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး မကောင်းသူမှလွဲပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သူ ၁၃ သန်းခန့်ရှိပြီး အားလုံး တပြိုင်နက်တည်း စစ်မှုထမ်းစေမည် မဟုတ်သော်လည်း ရပ်ကွက်ကျေးရွာပေါင်း ၆၀,၀၀၀ ကျော်ရှိ၍ ရပ်ကွက်တစ်ခုလျင် တစ်ဦးကျ (သို့မဟုတ်) နှစ်ဦး ထက်မပိုသည့် စစ်မှုထမ်းခြင်းမျိုးသာ ဖြစ်နိုင်မည်ဟု စစ်ကောင်စီ၏ မြန်မာ့အလင်း သတင်းစာတွင် ပြောကြားထားသည်ကိုတွေ့ရသည်။

အလားတူ တာ၀န်မထမ်းမနေရ ပြည်သူ့စစ်မှုထမ်း ဥပဒေထုတ်ပြန်လိုက်သည့်အပြင် စစ်မှုထမ်းရန်ဆင့် ခေါ်မည့် ဗဟိုအဖွဲ့ကိုပါ ဖွဲ့စည်းလိုက်ပြီးနောက် နိုင်ငံ တွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး စိုးရိမ်ထိတ်လန့်လျက်ရှိပြီး လတ်တလော စစ်ကောင်စီ၏ ဖမ်းဆီးမှု များကိုလည်း စစ်ကောင်စီတပ်ဖွဲ့၀င်အချို့က စစ်မှု ထမ်းဥပဒေနှင့် ဖမ်းဆီးသည်ဟုဆိုပြီး အချို့မြို့နယ် များတွင် ငွေတောင်းခံရယူမှုများရှိနေကြောင်း သိရ သည်။

ဓာတ်ပုံ-AFP
#စစ်ကောင်စီ #စစ်မှုမထမ်းမနေရဥပဒေ #ဆင့်ခေါ်ရေးဗဟိုအဖွဲ့ဖွဲ့စည်း #ထုတ်ပြန် #Ayeyarwaddy_Times