မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေကို အတည်ပြု ပြီးနောက် နိုင်ငံခြားထွက်မည့် လူငယ်များကို ထွက်ခွာခွင့် ကန့်သတ်လိုက်ပြီး ၎င်းတို့၏ ခွင့်ပြုချက်ပါမှသာ ပတ်စ်ပို့စ်လျောက်ထားခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီက လူငယ်၊ လူရွယ်များ နိုင်ငံခြားသို့ ထွက်ခွာလို့ပါက ၎င်းတို့၏ ခွင့် ပြုချက် ထောက်ခံချက် ယူဆောင်ပြီးမှသာ ပတ်စပိုစ့် လျောက်ထားခွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်းနယ်ဝေး ခရီးသွားလာခွင့်များကို လည်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံး များ၏ ခွင့်ပြုထောက်ခံစာပါရှိမှသာလျှင် ခွင့်ပြုပေး မည်ဖြစ်ကြောင်း ဆိုထားသည်။

“ပတ်စ်ပို့စ်လုပ်ဖို့ သွားမေးတာ သတ်မှတ်ထားတဲ့ မြို့ နယ်ထွေအုပ်ရုံးက ခွင့်ပြုထောက်ခံချက်ပါမှရမယ် ပြောတယ်။ စစ်မှုထမ်းပြီးမှ ထုတ်ပေးမယ်ပုံစံ ပြောတယ်။ တရား၀င်စာတော့ မထုတ်ထားသေးဘူး။ ဒီအတိုင်း ပါးစပ်ပြောနဲ့ ပြောလိုက်တာ။ စာထွက်လာမယ်လည်း ပြောတယ်”ဟု Passport လျှောက်ထားရန် လုပ်ဆောင်နေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလာပြီး တစ်နိုင်ငံလုံးအနှံ့ စစ်ရေးပြင်းထန်လာသည့်အတွက် နိုင်ငံအတွင်းမှ လူငယ်၊ လူရွယ်များ နိုင်ငံစွန့်ခွာလာမှုများ များပြားလာခဲ့ပြီး ယခုကဲ့သို့ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်ပြီးနောက် ထွက်ခွာခွင့်ကို ၎င်းတို့ခွင့်ပြုချက်ပါမှ ပေးမည်ဟုဆိုကာ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

စစ်မှုထမ်းဥပဒေအရ လူငယ်များအနေဖြင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိနှင့် ပညာရှင်ဖြစ်ပါက အသက် ၃၅ နှစ်အထိ စစ်မှုထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ယခုနိုင်ငံခြားထွက်မည့် လူငယ်များကို ထွက်ခွာခွင့်မပြုဘဲ ကန့်သတ်လာခြင်းဖြစ်ကြောင်း သိရသည်။

စစ်သည်အင်အားကို အပူတပြင်းလိုအပ်လျက်နေသည့် စစ်ကောင်စီက နိုင်ငံခြားထွက်ခွာမည့် ပြည်တွင်းနေထိုင်သူများကို သာမက ပြည်ပတွင်သွားရောက်အလုပ်လုပ် ကိုင်နေသည့် သူများကိုပါ စစ်မှုထမ်းဆောင်းရခြင်းမရှိသေးပါက ဗီဇာသက်တမ်းတိုးခွင့် မပြုဆိုသည့် ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။

ထို့အပြင် ကျောက်ဖြူနှင့် မြိတ်မြို့နယ်များမှခရီးသွားလာလိုသူများအနေဖြင့် လေယာဉ်လက်မှတ် ၀ယ်ယူရာတွင် စစ်ကောင်စီ၏ ထောက်ခံချက်ပါမှ ၀ယ်ယူရမည်ဟုကန့်သတ်ထားပြီး ရန်ကုန်မှ နိုင်ငံခြားခရီးစဉ်ထွက်မည့် လေယာဉ်လက်မှတ်များကိုပါ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်ပါရှိမှသာ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Myanmar Embassy, Seoul
ပုံစာ-ကိုရီးယားနိုင်ငံတွင် ကုန်ထုတ်လုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ကြသည့် မြန်မာလူငယ်များ ( ၃၁ ဇန်နဝါရီ ၂၀၂၄ )

#ပြည်ပထွက်ခွာ #ပတ်စ်ပို့စ် #စစ်ကောင်စီခွင့်ပြုချက် #ထောက်ခံချက် #လိုအပ် #Ayeyarwaddy_Times