မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

စစ်အင်အားအပြင်းအထန်လိုအပ်နေသည့် စစ်ကောင်စီက စစ်တပ်မှ နုတ်ထွက်နှင့် အငြိမ်းစားယူထားသည့် စစ်မှုထမ်းဟောင်းများကို စစ်မှုပြန်လည်ထမ်းဆောင်စေရန် အရန်တပ်ဖွဲ့ဥပေဒကို အာဏာတည်ကြောင်း ယမန်နေ့က စစ်ခေါင်းဆောင်လက်မှတ်ဖြင့် ထုတ်ပြန်ကြောညာခဲ့သည်။

စစ်မှုမထမ်းမနေရ အရန်တပ်ဖွဲ့ဥပဒေကို ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ညပိုင်းအချိန်က အာဏာ တည်ကြောင်း ထုတ်ပြန်လိုက်သည့်အချိန်မှစ၍ စစ်မှု ထမ်းဟောင်းများအနေဖြင့် ဆိုင်ရာစစ်ကောင်စီတပ်ဖွဲ့ များထံ အကြောင်းကြားရမည်ဖြစ်သည်။

အဆိုပါဥပဒေထုတ်ပြန်လိုက်ခြင်းအတွက် နုတ်ထွက်အငြိမ်းစားယူသည့် စစ်မှုထမ်းဟောင်းများ သာမက အငြိမ်းစားယူရန် ရက်ပိုင်းသာလိုတော့ သည့် ပင်စင်တင်အငြိမ်းစားယူမည့်သူများလည်း နောက်ထပ် ၅ နှစ်တာ၀န်ထမ်းဆောင်ရမည့် ဥပဒေ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းရန် လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေအတွက်ဖြစ်စေ တာ၀န်ထမ်းဆောင် ရန် ဆင့်ခေါ်ခံရသည့် စစ်မှုထမ်းဟောင်းသည် သတ်မှတ်ချိန်အတွင်း သတ်မှတ်ထားသည့်နေရာသို့ သတင်း ပေးပိုရန် ပျက်ကွက်ပါက ထောင်ဒဏ် သုံး နှစ်နှင့် ငွေ ဒဏ်ချမှတ်ခံရသည်ဟု ဆိုသည်။

စစ်မှုထမ်းဟောင်းတစ်ဦးသည် နုတ်ထွက်ခွင့်နှင့် အငြိမ်းစားယူခွင့် ရရှိသည့်နေ့မှစ၍ ငါးနှစ်အထိ အရန် တပ်ဖွဲ့တွင် စစ်မှုထမ်းရမည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါ စစ်မှုမထမ်းမနေရ အရန်တပ်ဖွဲ့ဥပဒေကို ထုတ်ပြန်လိုက်ပြီးနောက် စစ်မှုမထမ်းဆောင်လိုတော့ ၍ စစ်တပ်မှထောင်ချခံ နုတ်ထွက်ခဲ့ကြသူများနှင့် အထက်အဆင့်ဆင့်ကို လဘ်ထိုးပြီး ဆေးပင်စင်ယူခဲ့ ကြသူများက ယင်းဥပဒေထုတ်ပြန်လိုက်သည့်အပေါ် အထူးစိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ဆို တပ်မှာမနေချင်တော့လို့ ထောင် နှစ် နှစ်ချခံပြီး ထွက်လာတာ။ အခုဒီလိုတွေကြားတော့ အလုပ်တောင် ဖြောင့်ဖြောင့်မသွားရဲဘူး။ အလုပ်သွား လို့ လမ်းမှာစစ်မေးရင် ပါသွားမှာ။ ညဘက်အိမ်ကို လာခေါ်မှာ ကြောက်နေရတယ်။ ကောင်းကောင်းမအိပ်ရဲဘူး”ဟု စစ်တပ်မှနုတ်ထွက်လာသည့် စစ်မှုထမ်း ဟောင်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အရန်တပ်ဖွဲ့ဥအဒေ အာဏာတည်ကြောင်း ထုတ်ပြန် လိုက်ခြင်းသည် စစ်တပ်အတွင်း လုပ်သက်ပြည့်အောင် တာ၀န်ထမ်းဆောင်ခဲ့သူများ၊ တာ၀န်ထမ်းဆောင်ရင်း ကိုယ်လက် အင်္ဂါချို့ယွင်းခဲ့သူများ၊ စစ်တပ်ကချမှတ်သည့် နှစ် ရှည်ထောင်ဒဏ်များကို ကျခံ၍နုတ်ထွက်ခဲ့ရသူများ အပေါ် အတင်းအဓမ္မ ဖိနှိပ်ခိုင်းစေသည့် ဥပဒေတစ်ရပ် ဖြစ်ကြောင်း လုပ်သက်ပြည့်တာ၀န်ထမ်းဆောင်ခဲ့ သည့် ပင်စင်စားစစ်မှုထမ်းဟောင်းအချို့က သုံးသပ် ပြောဆို သည်။

စစ်ခေါင်းဆောင်က အ‌ဆိုပါဥပဒေကို အာဏာတည် ကြောင်း မထုတ်ပြန်ခင် ဇန်နဝါရီနောက်ဆုံးပတ်က စစ်မှုထမ်းဟောင်းများ ပြန်လည်တာ၀န်ထမ်းဆောင် ရမည်ဆိုသည့် ညွှန်ကြားချက်ကို ထုတ်ပြန်ပြီး နေပြည်တော်၌ စစ်မှုထမ်းဟောင်း ၂၀၀၀ ကျော်ကို ဆင့်ခေါ်ခဲ့သော်လည်း လိုအပ်သည့်အင်အားမရရှိ သည့်အတွက် ယခုကဲ့သို့တရား၀င်အာဏာတည်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ-စစ်ကောင်စီ

ပုံစာ- မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကိုထောက်ပံ့ငွေအပ်နေစဥ်

#စစ်ခေါင်းဆောင် #မင်းအောင်လှိုင် #အရန်တပ်ဖွဲ့ဥပဒေ #စစ်မှုထမ်းဟောင်း #Ayeyarwaddy_Times