
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ဖေဖော်ဝါရီလမှ စတင်၍ စစ်ကောင်စီလက်အောက်ခံ ရုံးအများစုပြန်လည်ဖွင့်လှစ်နေပြီး ယခုအခါ စစ်မှုထမ်းရန် လူဦးရေစာရင်းကောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
ကျောက်မဲမြို့တွင် ပြန်လည်ဖွင့်လှစ်နေသည့် စစ်ကောင်စီလက်အောက်ခံ ရုံးများမှာ ကျောက်မဲခရိုင်ရဲရုံးအပါအဝင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စည်ပင်ရုံးနှင့်စစ်မှုထမ်း ဟောင်းရုံးများဖြစ်ပြီး ၎င်းရုံးများပူးပေါင်းကာ လူဦးရေစာရင်းများ ကောက်ယူနေကြောင်း ဒေသခံများက ပြောကြားသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညတွင် ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြီးနောက် ကျောက်မဲမြို့တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က စတင်၍ စစ်မှုထမ်းရန် အတွက် လူဦးရေစာရင်း ကောက်ယူမှုများ ပြုလုပ်လာကြခြင်းဖြစ်ကြောင်း သိရသည်။
“ရုံးတွေတရားဝင်ပြန်ဖွင့်တာဆိုပြီး ရုံးဆင်းရုံးတက်စလုပ်နေကြတာ။ ပထမတော့ ခိုးကြောင်ခိုးဝှက်ရုံးတက်နေကြတာ။ ခုကတော့ပေါ်တင် လုပ်ကိုင်နေကြပြီ။ တိုက်ပွဲတွေကလည်း အေးသွားတော့ မြို့ပြန်ကပ်လာပြီး စစ်တပ်အတွက် အလုပ်ပြန်လုပ်ပေးကြတာ။ အဲဒီဝန်ထမ်းတွေက အခုဆို လူစာရင်းတွေ လိုက်ကောက်နေကြတယ်၊ ဘာတွေဆက်ဖြစ်မလဲလို့ လူတွေလည်း စိုးရိမ်နေ ကြတယ်”ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
အဆိုပါ Non CDM ဝန်ထမ်းများသည် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကျောက်မဲသို့အများစုပြန်လည် ရောက်ရှိလာကြကာ အရပ်ဝတ်များဖြင့် တိတ်တဆိတ်ရုံးတက်ခဲ့ကြသလို ယခုအခါ တရားဝင်ရုံးများပြန်ဖွင့်နေသည်ဟုဆိုကာ စစ်ကောင်စီ၏ လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ပေးနေကြောင်း ကျောက်မဲမြို့ခံများ ကဆိုသည်။
ကျောက်မဲမြို့ ရပ်ကွက် ၁ အုတ်ကျင်းနှင့် ရပ်ကွက်အခေါ် မုန်ညှင်းတိလင် အစပ်တွင်ရှိသည့် စက်ရုံတစ်ရုံတွင်လည်း အလုပ် လုပ်ကိုင်နေသည့် လူငယ်များကို စစ်ကောင်စီလက်အောက်ခံ နယ်ထိန်းများက အမည်၊ နေရပ်လိပ်စာများ ကောက်ယူ သွား၍ လူငယ်များစိုးရိမ်နေကြောင်း မြို့ခံများကဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလက စတင်၍ ကျောက်မဲမြို့ရှိ မြို့ခံများကို ညနေ ၆ နာရီမှ စတင်၍ အိမ်အပြင် ထွက်ခွင့်မပြုတော့ဘဲ ကျောက်မဲမြို့ ငြိမ်းချမ်းရေးကုန်းနှင့် ဘိုးဘွားရိပ်သာ အနောက်ဘက် ကောင်းအက်ရွာတွင်လည်း စစ်ကောင်စီတပ် အင်အားအများအပြား တပ်ဖြန့်ထားပြီး သစ်တောရုံးလမ်းတွင်လည်း ကင်းပုန်းများချထားကြောင်း သိရှိရသည်။
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကိုအတည်ပြုပြီးနောက် တိုင်းနယ်၊ ပြည်နယ် အသီးသီးရှိ ရပ်ကွက်၊ မြို့ရွာများမှ ပြည်သူအများစိုးရိမ်စိတ်များ မြင့်တက်လျက် ရှိနေကြောင်း သိရသည်။
ဓာတ်ပုံ-ကျောက်မဲမြို့
#ကျောက်မဲမြို့ #စစ်ကောင်စီ #ရုံးများပြန်ဖွင့် #စစ်မှုထမ်း #လူဦးရေစာရင်း #ကောက်ယူ #Ayeyarwaddy_Times