နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၄ ရက်

အာဏာသိမ်း စစ်ကောင်စီက ၎င်းတို့အကျိုးစီးပွါးအတွက် နောက်ကွယ်မှ အကာအကွယ်ပေး၊ ထောက်ခံနေသည့် ငွေလိမ်ဂိုဏ်းများကို အကြွင်းမဲ့ဆန့်ကျင် တိုက်ဖျက်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ထံက သိရသည်။

ကရင်ပြည်နယ် နယ်စပ်တလျှောက်ရှိ ငွေလိမ်ဂိုဏ်းများ၊ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းများအပေါ် နိုင်ငံတ ကာ၏ စိုးရိမ်မှု၊ တိုက်ဖျက်လိုမှုနှင့် ပတ်သက်၍ KNU မှ ၎င်းတို့ရပ်တည်ချက်ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ရာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

“အထူးသဖြင့် ဒီလောင်းကစားတွေရော၊ ငွေလိမ်ဂိုဏ်းတွေရော ကျွန်တော်တို့ မူဝါဒအရ လုံးဝဆန့်ကျင်တယ်။ လုံးဝလက်ခံလို့ မရဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြဌာန်းပြီးသားပါ။ အဲဒါနဲ့ ပတ်သက်ပြီး မည်သည့်နိုင်ငံနဲ့မဆို ကျွန်တော်တို့ လက်တွဲပြီးတော့ ဒီလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အဆင်သင့်ရှိတယ် ဆိုတာလည်း အကြိမ်ပေါင်းများစွာ ကျွန်တော်ကိုယ်တိုင် ထုတ်ဖော်ပြောပြီးသားပါ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် ငွေလိမ်ဂိုဏ်းများနှင့် တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းများကို အကြွင်းမဲ့ဆန့်ကျင် တိုက်ဖျက်နိုင်ရေး အိမ်နီးနားခြင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

စစ်ကောင်စီက အကာအကွယ်ပေးထားသော ထိုလုပ်ငန်းများသည် ကရင်ပြည်နယ်အတွင်းရှိ ပြည်သူများကိုသာမက ပါဝင်ပတ်သက်နေသူများ အားလုံးအတွက် လူမှုဒုက္ခမျိုးစုံနှင့် ဒေသတွင်း မတည်ငြိမ်မှုအပြင် ကမ္ဘာ့နိုင်ငံများ၏ ငွေကြေးဆိုင်ရာ လုံခြုံရေးနှင့် စီးပွါးရေးဆိုင်ရာ တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်နေကြောင်း သိရသည်။

အဆိုပါ တရားမဝင် ကာစီနိုလောင်းကစား လုပ်ငန်းများနှင့် ငွေလိမ်ဂိုဏ်းများသည် မြန်မာနိုင်ငံ၏ အစိုးရအဆက်ဆက်က ကျင့်သုံးခဲ့သော စနစ်ဆိုးများနှင့် အဂတိလိုက်စားမှုများမှ အမြစ်တွယ် ပေါက်ဖွားလာခြင်းဖြစ်ပြီး အစိုးရအဆက်ဆက်၏ အဂတိလိုက်စားမှု၊ တာဝန်ယူမှုတာဝန်ခံမှု မရှိခြင်းနှင့် တရားဥပဒေစိုးမိုးမှုမရှိခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း KNU က ထုတ်ပြန်ဖော်ပြထားသည်။

မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့အနီးတွင် တည်ရှိသည့် ကျားဖြန့်ခေါ် အွန်လိုင်းလောင်းကစား ငွေလိမ်ဂိုဏ်းများအပါအဝင် နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စရပ်တို့နှင့် ပတ်သက်၍ အာဏာသိမ်း စစ်ကောင်စီနှင့် ထိုင်းအစိုးရတို့အကြား ကြိမ်ဖန်များစွာ တွေ့ဆုံမှုများလည်း ရှိနေသည်။

ထိုသို့ တွေ့ဆုံမှုများအပေါ် စိုးရိမ်စရာမရှိသလို စစ်အာဏာရှင် ချုပ်ငြိမ်းရေးအတွက် အခိုင်အမာ ချမှတ်ထားသည့် ၎င်းတို့ ပေါ်လစီ၊ မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ထုတ်ဖော်ပြောဆိုထားသည်။

ထို့အပြင် ထိုင်းအစိုးရသည် စစ်ကောင်စီနှင့် ပူးပေါင်း၍ မြန်မာနယ်စပ်အနီးတွင် အရပ်သားများကို အကူအညီပေးရေး လူသားချင်းစာနာမှု စင်္ကြံတစ်ခု ဖွင့်လှစ်နိုင်ရန် စီစဉ်နေသလို ပြီးခဲ့သည့် ဇန်နဝါရီအတွင်း၌ ထိုင်းနိုင်ငံ၏ ယင်းအဆိုပြုချက်ကိုလည်း အာဆီယံနိုင်ငံများက ထောက်ခံခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ #ကရင်အမျိုးသားအစည်းအရုံး #KNU #ကရင်ပြည်နယ်နယ်စပ် #ငွေလိမ်ဂိုဏ်း #ကာစီနိုလောင်းကစား #KNU ပြောရေးဆိုခွင့်ရှိသူ #ပဒိုစောတောနီး #Ayeyarwaddy_Times