ဧရာဝတီတိုင်းမ်
(ရှားတော)၊ ဖေဖော်ဝါရီ ၁၄ ရက်

ကရင်နီပြည်နယ်၊ ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက တစ်လ ဝန်းကျင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ရှားတောမြို့အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရှားတော့မြို့ကို ရရှိခဲ့ကြောင်း သိရသည်။

ရှားတောမြို့တွင် နောက်ဆုံးကျန်ရှိနေသည့် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြီးသတ်သိမ်းပိုကိနိုင်ခဲ့ကာ ဗျူဟာမှူးနှင့် တပ်ဖွဲ့ဝင်များ၊ တပ်မိသားစုဝင်များ ကိုဖမ်းဆီးရမိခဲ့ပြီး ဗျူဟာမှူးမှာ ရရှိသည့်ဒဏ်ရာများဖြင့် သေဆုံးသွားပြီဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ရှားတောမြို့ကို သိမ်းထားနိုင်တာ မှန်ပါတယ်။ အသေးစိတ်အချက်အလက်ကို မကြာခင် ထုတ်ပြန်ပါမယ်။ လောလောဆယ်တော့ သတင်းအချက်အလက်ကိုစိစစ်နေတုန်း ဖြစ်ပါတယ်” ဟု KNDF ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှာ ရှားတောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့ဝန်းကျင်က စတင်ကာတိုက်ခိုက်ခဲ့ပြီး စစ်ကူပို့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုမှာလည်းသေဆုံးခဲ့ပြီး တိုက်ပွဲကာလတလျှောက်လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရှားတောတိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး မီးလောင်ဗုံးများ အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အိမ်ခြေ ၄၅ လုံး၀န်းကျင် ထိခိုက်ပျက်စီးကာ မီးလောင်ခဲ့ရပြီး ဒေသခံ ၂,၀၀၀ ၀န်းကျင်စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ရှားတောတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ခလရ- ၂၄၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဘေးရှောင်လာသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ရှစ် ဦးကို သတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ကရင်နီ #ရှားတောသိမ်းပိုက်ရရရှိ #လူသေဆုံး #လက်နက်ခဲယမ်းရရှိ #ဗျူဟာမှူးသေဆုံး #Ayeyarwaddy_Times