
ဧရာဝတီတိုင်း
(ပေါင်းတည်)၊ ဖေဖော်ဝါရီ ၁၄ ရက်
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပေါ်လံကြီးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ နေ့လယ်ပိုင်း က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ တပ်မ(၆၆ ) နှင့် ကပစ-၁၉ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၂ ဦးဖြင့်အထိုင်ချတပ်စွဲထားသည့် အဆိုပါစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးခဲ့ပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ဘက်က အဲ့ဒီစခန်းကို ကိုက် ၅၀ အကွာကနေပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်။ တိုက်ခိုက်ချိန်က ၁၅ မိနစ်ကြာတယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပြန်ပစ်ခတ်မှုရှိတယ်။ ဒီနေ့မှာတော့အဲ့ဒီစခန်းကို အင်အား ၅၀ လောက်ထပ်တိုးစခန်းချထားတယ်လို့ သိရတယ်” ဟု (၃၆၀၁ PPDF)တပ်ရင်း ဆက်သွယ်ရေး သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် သားသေဆုံးအလောင်းများနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို စစ်တပ်နှင့်အတူပူးပေါင်းကာ သစ်ခိုးထုတ်နေသည့် သစ်တင်ဖောကားဖြင့် ပေါက်ခေါင်းဘက်သို့ သယ်ဆောင်သွားကြောင်းလည်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၃၆၀၁ PPDF)တပ်ရင်း၊ တပ်ခွဲ-၅ တောဘုရင်အဖွဲ့ နှင့် (၃၆၀၂)တပ်ရင်း၊ တပ်ခွဲ-၄ TPDFအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းလည်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ကလည်း ပြည်သူ့စစ်များ ဖိအားပေးစုဆောင်းကာ စစ်ကောင်စီထံ ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေသည့် ပျူစောထီးခေါင်းဆောင် ငမြကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ပေးပို့
#ပေါက်ခေါင်း #ပေါ်လံကြီးရွာ #တိုက်ပွဲ #စစ်ကောင်စီ #စခန်းတိုက်ခိုက်ခံရ #PDF #Ayeyarwaddy_Times