
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ၁၃ရက်
မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြည်သူများက ပဲပြုတ်နှင့် နံပြား လှူဒါန်းကျွေးမွေးကြသလို ဗိုလ်ချုပ်နှင့် မွေးရက်တူသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မွေးနေ့အဖြစ် ပြည်တွင်း/ပြည်ပရှိ မိတ်ဆွေများနှင့် လေးစားသည့် တော်လှန် လူငယ်များက အမှတ်တရ အောက်မေ့ဖွယ်ရာများကို ပြုလုပ်ခဲ့ကြသည်။
စစ်အာဏာရှင် သုံးဆက်တိုင်း တော်လှန်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်၊ ကဗျာဆရာ၊ စာရေးဆရာ၊ အဆိုတော် ကိုဂျင်မီ (ခ)ကိုကျော်မင်းယု ကို အာဏာသိမ်း စစ်ကောင်စီက ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့နှင့်အတူ မတရားကြိုးမိန့်ပေးကွပ်မျက်ခဲ့သည်။
ကိုဂျင်မီ၏ မွေးနေ့တွင် ဇနီးဖြစ်သူ မနီလာသိန်းနှင့်အတူ မိတ်ဆွေများ ၊ လေးစားသည့် လူငယ်များက လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ကိုဂျင်မီပြောကြားခဲ့သည့် “တရားတဲ့သူသာ နိုင်ကြေးဟေ့” ဆိုသော ကဗျာအပါအဝင် အမှတ်တရ စကားများ၊ စာများ၊ ဓာတ် ပုံ/ဗီဒီယိုများ နှင့် သီချင်းများကို သီဆိုကာ အောက်မေ့ဖွယ်ရာတို့ကို ရေးသားဝေမျှ ဖော်ပြခဲ့ကြသည်။
ထို့အတူ ထိုင်းနိုင်ငံနယ်စပ် လွတ်မြောက်နယ်မြေ တစ်နေရာတွင်လည် ၈၈ ကျောင်းသား ကိုဂျင်မီ၏ မွေးနေ့အောက်မေ့ဖွယ် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့သည်။
“ငယ်ငယ်က စာသင်ခဲ့ရတာ ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ဆိုပြီးသင်ခဲ့ရတယ်။ စစ်အစိုးရအသီးသီးရဲ့ အကျဉ်းထောင်နံရံတွေကို ဖြတ်သန်းပြီးတဲ့အခါမှာ ဖေဖော်ဝါရီ ၁၃ မှာ ဂျင်မီမွေးနေ့ပါဆိုတဲ့ ၈၈ မျိုးဆက်တွေရဲ့ အာဇာနည်ပြယုဂ်ကို ဖော်ဆောင်ခဲ့တဲ့ သူရဲကောင်း တစ်ယောက်ရဲ့ မွေးနေ့ဖြစ်တယ်။ စစ်ကောင်စီရဲ့ အကျဉ်းထောင်ထဲမှာ နောက်ဆုံးထွက်သက်ထိ စစ်အစိုးရ စစ်ဝါဒီတွေကို အရှုံးမပေးခဲ့ဘူး” ဟု ၈၈ ကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကိုဂျင်မီသည် ၈၈ မျိုးဆက်၏ အာဇာနည်ပြယုဂ် သူရဲကောင်း တစ်ဦး ဖြစ်သောကြောင့် နေရာအနှံ့အပြားရှိ ၈၈ ကျောင်းသားဟောင်းများ စုစည်းကာ အောက်မေ့ဖွယ်နေ့ သို့မဟုတ် ဂုဏ်ယူလေးစားဖွယ်နေ့အဖြစ် ပြုလုပ်ခြင်း ဖြစ်ကြောင်း JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ဆိုသည်။
ထို့အတူ 96 Soldiers – PDF (တောင်ပိုင်းတိုင်းစစ်ဒေသ) မှ တော်လှန်ရေး ရဲဘော်များကလည်း ကိုဂျင်မီ၏ အမှတ်တရအဖြစ် “ဂျင်မီ (သို့) လရောင်” ကဗျာကို ရွတ်ဆိုခဲ့ကြပြီး ကိုဂျင်မီအမြဲ သီဆိုလေ့ရှိသည့် “ဘယ်ပန်းချီရေးလို့ မမီ” သီချင်းကို သီဆိုခဲ့ကြသည်။
အာဏာသိမ်း စစ်ကောင်စီသည် ကိုဂျင်မီကို လက်နက်မှု၊ ပေါက်ကွဲမှု၊ အကြမ်းဖက်မှု စသည့်ပုဒ်မ ခြောက် ခုတို့ဖြင့် စွပ်စွဲတင်ကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်မြို့ အင်းစိန်ထောင်၌ ကိုဖြိုးဇေ ယျာသော်၊ ကိုအောင်သူရဇော်၊ ကိုလှမျိုးအောင်တို့နှင့်အတူ ကြိုးမိန့်ပေး ကွပ်မျက်ခဲ့သည်။
ပုံစာ- ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီ၏ မွေးနေ့အဖြစ် ပြုလုပ်ခဲ့သည့် အမှတ်တရများ
#စစ်ကောင်စီ #ကြိုးမိန့်ပေးကွပ်မျက် #၈၈မျိုးဆက် #ကိုဂျင်မီမွေးနေ့ #Ayeyarwaddy_Times