
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
မြန်မာ – ထိုင်းအဓိကကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းမကြီး ပိတ်ထားပြီး ယခင် လမ်းဟောင်း ထို့ကော်ကိုးလမ်းကြောင်းမှတဆင့် ကုန်သွယ်ရာတွင် ရန်ကုန် – မြဝတီ သို့ ကုန်သွယ်ရေးခရီးလမ်း ၃ ရက်ကြာ သွားရသဖြင့် ကုန်သွယ်မှုကျဆင်းနေကြောင်း သိရသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်ရာတွင် ပြီးခဲ့သည့်ဘဏ္ဍာနှစ်နှင့် ယခု ဘဏ္ဍာနှစ်နှိုင်းယှဉ်ရာ၌ ယခုနှစ်တွင် ပို့ကုန်နှင့် သွင်းကုန်များလျော့နည်းပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၉၄ ကျော်လျော့ကျကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။
မြန်မာနိုင်ငံထွက် စိုက်ပျိုးသီးနှံများနှင့် ထိုင်းနိုင်ငံဘက်က လူသုံးကုန်နှင့် စက်မှုလုပ် ငန်းသုံးပစ္စည်းများကို အဆင့်ဆင့်သယ်ဆောင်ရပြီး ခရီးလမ်းတစ်လျှောက် ကုန်စည် စီးဆင်းမှုအချိန် အနည်းဆုံး ၂ ရက်မှ ၃ ရက်ကြာမြင့်ကြောင်း ကုန်တင်ယာဉ်လုပ်ငန်းထံက သိရသည်။
“မြဝတီဘက်ကို အဆင်းနဲ့အတက်နဲ့ခွဲထားတယ်။ ကိုယ်ရောက်တဲ့အချိန်က သူတို့ အဆင်း (မြဝတီဘက်) ဆိုရင် သာမညမှာ တစ်ညအိပ်ရမယ်။ တွဲကားတွေက ထို့ကော်ထိုး လမ်းကနေ တိုက်ရိုက်တက်လို့မရဘူး။ ၆ ဘီးနဲ့ ၁၂ ဘီးကားတွေပဲရတယ်” ဟုကုန်တင် ယာဉ် လုပ်ငန်းလုပ်ကိုင်နေသူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ကော်ကိုးလမ်း တောင်တက်လမ်းကို အဆင်း ၁ ရက်၊ အတက် ၁ ရက်သွားရပြီး ကုန်ပစ္စည်းများကို ၆ ဘီးယာဉ်၊ ၁၂ ဘီးယာဉ်များအပါအဝင် မော်တော်ယာဉ် အသေးများဖြင့်သယ်ယူရကြောင်း၊ လုပ်ငန်းရှင်တချို့က သာမညတွင် တွဲကား (၂၂ ဘီးယာဉ်) ဖြင့် ပြန်ပြောင်းသယ်ဆောင်မှုများရှိကြောင်း မြဝတီကုန်သွယ်ရေးစခန်းရှိ ခရီးသွားလုပ်ငန်းလုပ်သူအမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ ခရီးသည် မြဝတီကိုသွားမယ်ဆိုရင် ရန်ကုန်ကနေ ဘားအံ့အထိကားအကြီးစီးပြီးတော့ ဟိုဘက်ကို ကားအသေးနဲ့ထက်သွားရတယ်။ Express ကားလိုင်းတွေကပဲ တာဝန်ယူပြီး တော့တင်ပေးတာပေါ့။ တစ်ယော်ကို ခုနစ်သောင်းနဲ့ ရှစ်သောင်းကြားရှိတယ်” ဟု ခရီးသွား ဝန်ဆောင်မှုလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ရန်ကုန်မှ မြဝတီသို့ခရီးသွားရာတွင် ခရီးသည်အနေဖြင့် ရန်ကုန်မှ Express ကားဖြင့် ဘားအံ့ – သာမည ကိုရောက်မည်ဖြစ်ပြီး ထိုမှတဆင့် အန်စာတုံးကားဆက် စီးရကာ မော်တော်ယာဉ်နှစ်ဆင့် စီးရကြောင်း သိရသည်။
၂၀၂၃ ခုနစ် ဧပြီမှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာ – ထိုင်းကုန်သွယ်ရာတွင် မြဝတီကုန်သွယ်ရေးစခန်းမှ ပို့ကုန်နှင့် သွင်းကုန်များ၏ ကုန်သွယ်မှုပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၀၅၃ သန်းရှိပြီး ၂၀၂၂ ခုနှစ် မှ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ သန်း ၁၇၄၈ ကုန်သွယ်နိုင်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနထံက သိရသည်။
မြန်မာ – ထိုင်း အဓိကုန်သွယ်ရေးလမ်းကြောင်း အာရှလမ်းမကြီးရှိရာ ကော့ကရိတ် မြို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်( KNU/KNLA ) အပါအဝင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းအဖွဲ့ (PDF) နှင့် စစ်ကောင်စီ တပ်တို့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများအပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများကို လုပ်ဆောင်ကြောင်းသိရသည်။
ပြီးခဲ့သည့်ဒီဇင်ဘာမှ စတင်ကာ ကော့ကရိတ်မြို့အနီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံများ သေဆုံးခဲ့သည့်အပြင် မြို့ကိုစွန့်ခွာ၍ စစ်ရှောင်နေရကြောင်းသိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ရန်ကုန်မြဝတီ #ကုန်သွယ်မှုလမ်းကြောင်း #၃ရက်ကြာ #ကုန်သွယ်မှုကျဆင်း #Ayeyarwaddy_Times