
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ရက်
ရက္ခိုင့်တပ်တော် (AA) ကသိမ်းပိုက်ထားသည့် မင်းပြားမြို့ကို စစ်ကောင်စီက ပြန်လည်ရယူလို၍ ရေကြောင်း၊ လေကြောင်းတို့မှ အပြင်းအထန်ပြန်လည် တိုက်ခိုက် လျက်ရှိပြီး လာရောက်တိုက်ခိုက်သည့် စစ်ရေယာဉ်တစ်စီးကို AA က နှစ်မြှုပ် ပစ်ခဲ့ကြောင်း သိရသည်။
ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့တွင် သိမ်းပိုက် မင်းပြားမြို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ရက်နေ့မှ စတင်၍ ရေကြောင်းနှင့် လေကြောင်းတို့အသုံးပြုပြီး လာရောက်တိုက်ခိုက်လျက် ရှိကြောင်း ညီနောင် မဟာမိတ် အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ရေကြောင်းမှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်သည့် စစ်ကောင်စီ၏ တိုက်ခိုက် ရေး စစ်ရေယာဉ်ကို (AA) က ယမန်နေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် ကျားရဲပြင်ရွာအနီး လေးမြို့မြစ်ထဲတွင် တိုက်ခိုက် နှစ်မြှုပ်ပစ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်အတွင်းရှိ မင်းပြားမြို့သည် ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ထားသည့် ပေါက်တော၊ မြောက်ဦး၊ ပလက်ဝတို့နှင့် နယ်မြေထိစပ်နေသည့် အပြင် အမ်း၊ မြေပုံ၊ ကန်ပက်လက်တို့အပြင် မကွေးတိုင်းနှင့်ပါထိစပ်နေသည့်အတွက် စစ်ရေးအရအရေးပါသည့် နယ်မြေဖြစ်၍ စစ်ကောင်စီက ပြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ခိုက် လျက်ရှိကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ်အချိန်ခန့်က မင်းပြား-စွန်ရဲ လမ်းမထက်ရှိ ပုလဲပေါက်ကျေးရွာအနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက် တိုက်ခိုက်ခဲ့သည့်အတွက် ထုတ်ပင်လယ်ရွာမှ ပြည်သူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ရှိ အမာခံစစ်စခန်းများဖြစ်သည့် ခမရ-၃၈၀ နှင့် ကျိန်းတောင်ပေါ်ရှိ စစ်စခန်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်တွင် AAက သိမ်းပိုက်ခဲ့ပြီး ကျန်ရှိသည့် ခမရ -၃၇၉တပ်ရင်းနှင့် ခမရ-၅၄၁တပ်ရင်း တို့ကို ဖေဖော်ဝါရီ ၅ ရက်နေ့က အပြီးသိမ်းယူခဲ့ရာ စစ်ကောင်စီဘက်က မိသားစုအပါအဝင် အင်အား ၅၀၀ နီးပါးလက်နက်ချ အညံ့ခံခဲ့သည်။
မင်းပြားတစ်မြို့လုံးရှိ စစ်စခန်း၊ ရဲစခန်းများအားလုံးအသိမ်းခံလိုက်ရပြီး မြို့ကို AA က အလုံးစုံထိန်းချုပ်လိုက်သည့်အတွက် ယခုမင်းပြားမြို့ကို ပြန်လည်တိုက်ခိုက်ရာတွင် စစ်ကောင်စီဘက်က ရေကြောင်း ၊ လေကြောင်းဖြင့်သာ လာရောက်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ပုံစာ- ဖေဖော်ဝါရီ ၁၂ရက် နေ့က နှစ်မြှုပ်ခံလိုက်ရသည့် စစ်ရေယာဥ်
#မင်းပြားမြို့ #စစ်ကောင်စီ #ပြန်လည်တိုက်ခိုက် #စစ်တိုက်ရေယာဉ် #AA #နှစ်မြှုပ် #Ayeyarwaddy_Times