နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော ဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို စစ်ကောင်စီက ပစ်သတ်ခဲ့ပြီး ထိုကိစ္စရပ်အပါအဝင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ရက်စက်ယုတ်မှုများကို ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့သည်။

ဆီဆိုင်မြို့နယ်ရှိ ပအိုဝ်းအမျိုးသား ဌာနေ ပြည်သူ့စစ် ပြန်လည်ထူထောင်ရေး တပ်စခန်း၊ လူငယ်ထိန်းသိမ်းရေးနှင့် အကျင့်စာရိတ္တ ပြုပြင်ရေးအဖွဲ့ဟု အမည်တပ်ထားသော အောင်ဆုဗွေ (PNA)စခန်းမှ ဆေးဖြတ်သူ ၁၂ ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်က ရှေ့တန်းတိုက်ပွဲသွားရန် ငြင်းဆန်ခဲ့ခြင်းနှင့် “ပအိုဝ်းအချင်းချင်း မတိုက်ချင်ဘူး” ဟု ပြောကြားခြင်းတို့ကြောင့် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲတော့ ပြောလိုတာက ပအိုဝ်းအချင်းချင်း စည်းလုံးကြဖို့၊ ပြီးတော့ စစ်ကောင်စီကို ဒီအချိန်မှာ ဝိုင်းပြီးခုခံဖို့ ဆိုတဲ့ကိစ္စကို ဦးတည်ဖို့ လိုတယ်။ နေဝင်းထွန်းအပါအဝင် တချို့ခေါင်းဆောင်တွေက သူတို့ရဲ့ ကိုယ်ကျိုးစီးပွါးအတွက်ပဲ လုပ်နေတာကို ပအိုဝ်းလူထုတွေ သိဖို့လိုတယ်လို့ မှတ်ချက်ပေးလိုပါတယ်” ဟု ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) အထွေထွေအတွင်းရေးမှူး(၁) ခွန်ဝါးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) ၏ ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၁ ရက်နေ့အထိ လွတ်မြောက်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ပြီး နိုင်ငံရေး၊ စစ်ရေး၊ လူထုအရေး၊ ဖက်ဒရယ်အရေးနှင့် ပအိုဝ်းဒေသများအရေးတို့ကို အလေးထား ဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ စစ်ကောင်စီ၏ လုပ်ရပ်အပေါ် ကန့်ကွက်ခဲ့ကြသည်။

ပအိုဝ်းအမျိုးသား ဒေသတစ်ခုဖြစ်သော ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသသို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၇ ရက်မှစ၍ တိုက်လေယာဉ်၊ အမြောက်၊ တင့်ကားများဖြင့် ပြည်သူ ၁၀၀ ကျော်ကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခဲ့ခြင်းကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်း (PNFC) က ဆိုသည်။

ထိုသို့ စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်ကြောင့် ဘာသာရေး အဆောက်အဦးများနှင့် စာသင် ကျောင်းများ ပျက်စီးစေခြင်း၊ ကျေးရွာရပ်ကွက်၊ လူနေအိမ်ခြေ အမြောက်အများကို ဗုံးကြဲ၍ မီးလောင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကရင်နီပြည်၊ ဒီမော့ဆိုမြို့ရှိ ‌ဒေါဆီအီနှင့် လွိုင်နန်းဖရွာမှ စာသင်ကျောင်းနှစ်ကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကျောင်းသား လေး ဦး သေဆုံးကာ ၂၉ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းကိုလည်း ကန့်ကွက်ရှုတ်ချကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့မှ ဖမ်းဆီးရမိသော YDF တပ်ဖွဲ့ဝင် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးသည်နှင့်တပြိုင်နက် လူငယ်များအား အကြောင်းမဲ့ စာရင်းကောက်ခြင်း၊ လူဖျောက်ခြင်းနှင့် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းတို့ကို ရှုတ်ချသည်ဟုလည်း PNFC ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအစည်းအဝေးတွင် PNFC ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို ယာယီအတည်ပြုခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်(FDC)ကို အကြံပြုချက်များဖြင့် ထပ်လောင်း အတည်ပြုခြင်းတို့အပြင် ပအိုဝ်းပြည်သူ ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒွမ် (PPDF-KD) တပ်နယ်(၁)(၂)နှင့် ပအိုဝ်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင် (PNDF-KK) တပ်နယ်(၃)တို့အကြား စစ်ရေးဆိုင်ရာပူးတွဲ ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူများအရေး၊ ပအိုဝ်းပြည်သူများအား လက်ကိုင်တုတ်များ လူသားဒိုင်းများအဖြစ် အသုံးချခံနေရခြင်းမှ လွတ်မြောက်နိုင်ရေး၊ ပအိုဝ်းအချင်းချင်းအကြား ပဋိပက္ခမဖြစ်စေရေးနှင့် ပအိုဝ်းနှင့်အခြား ညီနောင်တိုင်းရင်းသားများအကြား ဘာသာရေးလူမျိုးရေး ပဋိပက္ခမဖြစ်စေရေး၊ ခမ်းဒွမ်နှင့် ခမ်းကောင်ညီညွတ်ရေးမှသည် ပအိုဝ်းတမျိုးသားလုံး ညီညွတ်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။

#ဆီဆိုင်မြို့ #ရှေ့တန်းသွားရန်ငြင်းဆန် #ဆေးဖြတ်စခန်း #ပအိုဝ်းအမျိုးသား၁၂ဦး #စစ်ကောင်စီပစ်သတ် #Ayeyarwaddy_Times