
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူတပ်ဖွဲ့ဝင်များကို အလံဖြူထောင်ပြီး လက်နက်ချ အလင်းဝင်ကြရန် ပြောဆိုသည့် ဘုန်းကြီးတစ်ပါး သတ်ဖြတ်ခံရကြောင်း ဒေသခံများထံက သိရှိရသည်။
မြောက်ခင်ရန်းရွာနှင့် သုံးမိုင်အကွာတွင်ရှိသည့် ဟံသာဝတီရွာတွင် သီတင်းသုံးနေထိုင်သည့် သက်တော် ၄၅ နှစ် ကျောင်းထိုင်ဆရာတော် အရှင်ဥူပညာဝရကို မြောက်ခင်ရန်းရွာမှ ပျူတပ်ဖွဲ့နှင့် ပျူမိသားစုဝင်များက ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပင့်ဆောင်သွားခဲ့ပြီး အလောင်းကို ယနေ့မနက်တွင် ဟံသာဝတီရွာသို့ ပြန်လည်ပို့ဆောင်ထားကြောင်း သိရှိရသည်။
“ဟံသာဝတီရွာမှာ သီတင်းသုံး နေထိုင်တဲ့ ကျောင်းထိုင် ဆရာတော်ဖြစ်ပါတယ်။ မြောက်ခင်ရန်းရွာ အနီးနားက ပျူရွာတွေကို အပြင်ထွက်ခွင့် ပိတ်ပင်ထားတာကြောင့် ဟံသာဝတီ(ပျူ)ရွာက ရွာသားတွေဟာ စားနပ်ရိက္ခာတွေ ပြတ်လတ်နေပြီး ပျူရွာတွေကို ချုပ်ကိုင်ထားတဲ့ မြောက်ခင်ရန်းရွာက စစ်ကောင်စီနဲ့ ပျူတွေ အလံဖြူထောင် လက်နက်ချ အလင်းဝင်သင့်ကြောင်း ပြောတယ်။ အဲ့ဒါကြောင့် ဦးဇင်းကို သတ်ဖြတ်တာ ဖြစ်ပါတယ်။ ဒီနေ့မနက်မှာ အလောင်းကို ရွာပြန်ပို့တယ် “ဟု ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ခင်ရန်းရွာရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူတပ်ဖွဲ့သည် ဟံသာ၀တီ၊ လယ်ကြီး(အရှေ့၊အနောက်)၊ ကုက္ကား၊ ရွှေမြစ်သာ၊ ကလေးတောင်ပိုင်းဘက်မှ အင်းကျွန်း၊ ကျောက်ပြုတ်၊ ကြံသာ၊ မန်တာ၊ ကျောက်ဆည်ရွာ စသည့် ပျူကျေးရွာများကို ချုပ်ကိုင်ထားပြီး ၎င်းကျေးရွာများမှ ရွာသားများကို လပေါင်းများစွာ ရွာအပြင်ထွက်ခွင့် မပြုသောကြောင့် ကျေးရွာတွင်း စားနပ်ရိက္ခာများ ပြတ်လတ်နေကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ မြောက်ခင်ရန်းကျေးရွာမှ ထွက်ပြေးလွတ်မြောက်သည့် ပျူမိသားစုဝင် အယောက် ၃၀၀ ကျော်ရှိပြီး ၎င်းတို့ကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့( ပအဖ ) ၏ ကူညီထောက်ပံ့မှုနှင့် နေထိုင် နေရကြောင်း သိရသည်။
“ အဲ့ပျူရွာတွေက ရွာသားတွေကို ပြီးခဲ့တဲ့၂၀၂၃ ခုနှစ်၊ ဇွန်လကတည်းကနေ ရွာအပြင်ထွက်ခွင့် မပေးတာ အတော်ကြာပြီ။ ရွာထဲက လူတွေလည်း ကျန်းမာရေး၊ စားနပ်ရိက္ခာတွေ ဒုက္ခရောက်ကြတယ်။ ရွာသားတွေ ထွက်ပြေးပြီး ပြန်မိရင် ဖမ်းဆီးနှိပ်စက်ပြီး သတ်ပစ်တာတွေအထိ ရှိတယ်။ မြောက်ခင်ရန်းရွာမှာ လူဦးရေ ၄၀၀၀ ကျော်နေထိုင်တယ်။ ၃၀၀ ကျော်က ကျွန်တော်တို့ဆီ ထွက်ပြေးရောက်ရှိလာပါတယ်”ဟု ဂန့်ဂေါမြို့နယ် ပအဖအဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မြောက်ခင်ရန်းရွာသည် လူဦးရေ ၄၀၀၀ ကျော်ရှိပြီး ၎င်းတို့အထဲမှ အယောက် ၃၀၀ ကျော်သည် မြို့နယ် ပအဖအဖွဲ့ထံ ထွက်ပြေးလွတ်ကြောင့် ၎င်းထွက်ပြေးလွတ်မြောက်လာသည့် ပျူမိသားစုဝင်များကို လုံခြုံစိတ်ချသည့် နေရာများတွင် ထားပေးပြီး စားသောက်ရေးအတွက် မြို့နယ် ပအဖအဖွဲ့မှ တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ကျောင်းထိုင်ဆရာတော် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မည်သူက သတ်ဖြတ်သည်၊ မည်ကဲ့သို့ သတ်ဖြတ်သည်ကို အတိအကျမသိရသေးပဲ ဧရာဝတီတိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။
မြောက်ခင်ရန်းရွာတွင် ဒေသခံတော်လှန်ရေးလူငယ်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတစ်ခု ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလက ဖြစ်ပွားခဲ့မှုကို ပြီးခဲ့သည့်ရက်ပိုင်းက ရုပ်သံမှတ်တမ်းဖြင့် သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
#ဂန့်ဂေါမြို့နယ် #မြောက်ခင်ရန်းကျေးရွာ #စစ်ကောင်စီတပ်ဖွဲ့ #ပျူတပ်ဖွဲ့ဝင် #အလံဖြူ #ဘုန်းကြီးတစ်ပါးသတ်ဖြတ်ခံရ #Ayeyarwaddy_Times