
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
အာဏာသိမ်းစစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလမှ ဒီဇင်ဘာလ အထိ လေးလ တာအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၇၅၀ ကျော်ပြုလုပ်ခဲ့ပြီး အရပ်သား သေဆုံးမှု ၂၅၀ ဝန်းကျင် ရှိခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့စည်းက အစီရင်ခံစာ တစ်ရပ်ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ရာတွင် ဘာသာရေးအဆောက် အအုံ များ၊ အရပ်သားများစုဝေးသည့် အခမ်းအနားများ၊ ဆေးရုံဆေးခန်းများ၊ စာသင် ကျောင်းမျာစ၊ ယာယီစစ်ရှောင်စခန်းများ နှင့် PDF အခြေစိုက်တပ်စခန်းကို အဓိက ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများအနက် ဘာသာရေးအဆောက်အအုံ ၅၁ လုံး ကျော်ဖြင့် ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး စာသင်ကျောင်း ၂၂ ကျောင်းနှင့် ဆေးရုံ နှစ် ခု မှာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရ၍ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် စစ်ကောင်စီ၏ အရပ်သားများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် လေးလ တာအတွင်း အရပ်သားသေဆုံးသူအရေအတွက် ၂၄၉ ဦးရှိခဲ့ပြီး ဒဏ်ရာရရှိသူ အရေအတွက် ၄၂၀ ဦးအထိရှိကာ ကလေးငယ်သေဆုံးမှုမှာ ၅၀ ဦး နှင့်အထက်ရှိကြောင်း သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် စစ်ကောင်စီက နေ့စဉ် လေကြောင်း အသုံးပြုတိုက်ခိုက်မှုကိုပြုလုပ်ခဲ့ပြီး လေးလတာကာလအတွင်း ရှမ်းမြောက်ဒေသတွင် တိုက်ခိုက်မှုအကြိမ်ရေ ၂၆၇ ကြိမ် အထိ တိုက်ခဲ့ကြောင်းလည်း အစီရင်ခံစာအရ သိရသည်။
ထို့ပြင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုတွင် တိုက်လေယာဉ်များ၊ ရဟတ် ယာဉ်များအပြင် ဒရုန်းအသုံးပြုတိုက်ခိုက်မှုများကိုလည်း ပြုလုပ်လာပြီး အများအားဖြင့် လေကြောင်းအသုံးပြုခြင်းကို လေကြောင်းတိုက်ခိုက်မှု၊ မြေပြင်ထိုးစစ်ကို ကူညီ ပစ်ခတ်ပေးမှု၊ တပ်သားအင်အားဖြည့်၊ ရိက္ခာဖြည့်ခြင်းများ ပြုလုပ်ရာတွင် အသုံး ပြုကြကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်အာဏာစသိမ်းသည့်အချိန်မှ ယခု ၂၀၂၃ နှစ်ကုန်သည့်အချိန်အထိ လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင်အရပ်သားသေဆုံးမှုမှာ ၆၁၃ ယောက်အထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ထက် သုံးဆနီးပါး ပိုမို များပြားလာကြောင်းလည်း အစီရင်ခံအရ သိရသည်။
ဓာတ်ပုံ – အင်တာနက်
ပုံစာ – ဗုံးကြဲတိုက်ခိုက်ခံရသည့် ဘာသာရေးအဆောက်အအုံများ
#စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #လေးလ #ဘာသာရေးအဆောက်အအုံ #၅၁လုံးကျော် #ပျက်စီး #အရပ်သားသေဆုံး #Ayeyarwaddy_Times