
ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီ ၁၃ ရက်
အိန္ဒိယဗဟိုအစိုးရက အိန္ဒိယ-မြန်မာနယ်စပ်လုံခြုံရေးကို အကြောင်းပြ၍ အိန္ဒိယ-မြန်မာ အမှတ်(၂) ရိခေါဒါရ်နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှ စတင်ပိတ်ပင်ခဲ့ပြီး မြန်မာနိုင်ငံဘက်မှ ပြည်သူများဖြတ်သန်းသွားလာခွင့်ကိုလည်း တားမြစ်ထားကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ် ကုန်သွယ် ရေးသည် လုံခြုံရေးအခြေအနေကြောင့် ကောင်းမွန်စွာ လည်ပတ်နိုင်ခြင်းမရှိသလို ရိခေါဒါရ်မြို့ကို ချင်းကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ပြီးနောက် ကလေးမြို့ဘက်တွင်လည်း စစ်ကောင်စီက ကုန်တင်ယာဉ်များကို ပိတ်ဆို့မှုကြောင့် နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်လျက်ရှိသည်။
မြန်မာ-အိန္ဒိယ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေးဂိတ်ကို အိန္ဒိယနိုင်ငံဘက်မှ ပိတ်ပင်မှု အပေါ် ရိခေါဒါရ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းခေါ်ဆို၍ မရနိုင်ပါ။
ထို့အပြင် မြန်မာနိုင်ငံနှင့်နယ်စပ် တစ်ဖက်တစ်ချက်စီလွတ်လပ်စွာ သွားလာလှုပ်ရှားမှု စနစ် Free Movement Regime (FMR)ကို ချက်ချင်းရပ်ဆိုင်းရန် အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြောဆိုခဲ့ပြီး အိန္ဒိယ-မြန်မာနယ်စပ်လုံခြုံရေးကို အကြောင်းပြ၍ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်ကို ခြံစည်းရိုးခတ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မီးဇိုးရမ်ပြည်နယ်သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
မြန်မာနိုင်ငံနှင့် နယ်စပ်တစ်ဖက်တစ်ချက်စီလွတ်လပ်စွာ သွားလာလှုပ်ရှားမှုစနစ် Free Movement Regime (FMR)ကို ၁၉၇၀ ခုနှစ်အတွင်း ပြဌာန်းခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်တလျှောက်ရှိ ဒေသခံများအနေဖြင့် ပြည်ဝင်ခွင့်ဗီဇာမလိုအပ်ဘဲ ၁၆ ကီလိုမီတာအထိ လွတ်လပ်စွာ သွားလာဖြတ်သန်းခွင့်ပြုထားသည်။
အဆိုပါ မြန်မာနိုင်ငံနှင့် နယ်စပ်တဖက်တချက်စီလွတ်လပ်စွာ သွားလာလှုပ်ရှားမှုစနစ် Free Movement Regime (FMR)ကို ဖျက်သိမ်း၍ အိန္ဒိယဗဟိုအစိုးရက ကီလိုမီတာ ၁၆၀၀ ကျော်ရှိသော နယ်စပ်တလျှောက်ကို ခြံစည်းရိုးခတ်ရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံနယ်စပ်တလျှောက်တွင် ခြံစည်းရိုးခတ်မည့်အစီအစဉ်နှင့် ပတ်သက်၍ မီဇိုးရမ် ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အင်အားကြီးအရပ်ဖက်အဖွဲ့အစည်းများ နှင့် ဒေသခံများက ကန့်ကွက်ခဲ့ပြီး ခြံစည်းရိုးခတ်မည့်အစီအစဉ်ကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုမှုများပြုလုပ်ထားကြောင်းသိရသည်။
ပုံစာ- အိန္ဒိယ-မြန်မာ အမှတ်-၂ နယ်စပ်ကုန်သွယ်ရေးဂိတ်။
#အိန္ဒိယမြန်မာ #အမှတ်၂ #နယ်စပ်ကုန်သွယ်ရေးဂိတ် #ပိတ်ပင် #မြန်မာနိုင်ငံသားများ #ဖြတ်သန်းသွားလာခွင့် #တားမြစ် #Ayeyarwaddy_Times