
အယိုက်လင်း၊ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
ချင်းပြည်နယ်၊ ပလက်ဝမြို့ ဗုံးကြဲတိုက်ခိုက်မူတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အချို့နှင့် အရပ်သား နှစ်ဦးသေပြီး လေး ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် မြောက်ပိုင်း ညီနောင်သုံးဖွဲ့က ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။
ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၄ နာရီ၊ မိနစ် ၅၀ ခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လေယာဉ်ပေါ်မှ စစ်သေနတ်များနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“လေယာဥ်နဲ့ ဗုံးလာကြဲသွားတာပါ။ အသက် ရှစ် နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင်အရပ်သား နှစ်ယောက်က ဗုံးစထိမှန်လို့ ပွဲချင်းပြီး သေဆုံးသွားပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား လေးယောက်ရှိပါတယ်။ အခု ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို AA ကနေ ဆေးကုသပေးနေပါတယ်။ တိုက်ပွဲမရှိဘဲ အခုလို တိုက်ခိုက်ခံရတာပါ “ဟု ပလက်ဝဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရက္ခိုင့်တပ်တော်(AA)မှ ပလက်ဝမြို့ရှိ တပ်ရင်း၊ တပ်စခန်းနှင့် ရဲစခန်းများအပါအဝင် အလုံးစုံကို ဇန်နဝါရီ ၁၄ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ရရှိထားသော်လည်း စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မူကြောင့် ဇန်နဝါရီလတွင် ကလေးများအပါဝင် အရ်သား ၁၁ ဦးသေဆုံးကာ ခုနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် စစ်ကောင်စီသည် ပလက်ဝမြို့ကို လေကြောင်းဖြင့် မကြာခဏ စောင့်ကြည့်မူများ ပြုလုပ်နေပြီး ပလက်ဝမြို့ရှိ စစ်ကောင်စီ၏ ရုံး၊ ဋ္ဌာနဆိုင်ရာ အဆောက်အဦးများတွင် ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များမှ တပ်စွဲထားကြောင်း သိရသည်။
လက်ရှိတွင် ပလက်ဝမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မူများ လုပ်ဆောင်နိုင်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို ရက္ခိုင့်တပ်တော်(AA)မှ မြို့ဝင်ခွင့် ကန့်သတ်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် ပလက်ဝမြို့ထဲသို့ ပြန်လည် ရောက်ရှိလာကြသည့် အရပ်သားအချို့ နေထိုင်နေကြောင်း သိရသည်။
#ပလက်ဝမြို့ #ဗုံးကြဲတိုက်ခိုက်မူ #စစ်သုံ့ပန်း #အရပ်သား၂ဦးသေဆုံး #Ayeyarwaddy_Times