
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီက အင်အား ၁,၀၀၀ နီးပါးဖြင့် စစ်ကြောင်း ထိုးဝင်ရောက် တိုက်ခိုက်လာသည့် ၁၁ရက်မြောက်နေ့တွင် မြို့၏အဓိကကျသော နေရာအချို့ကို ထိန်းချုပ်လိုက်ကြောင်းသိရသည်။
ယနေ့ ဖေဖော်ဝါရီ ၁၃ရက် နံနက် ၈နာရီတွင် ကောလင်းမြို့တွင်း၌ နှစ်ဘက်တိုက်ပွဲများ ခေတ္တငြိမ်သက်လျက်ရှိပြီး ကောလင်းမြို့၏ အဓိကကျသောနေရာများအား စစ်ကောင် စီက အပြည့်အဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း Kawlin Revolution ကထုတ်ပြန်သည်။
“လတ်တလောကတော့တိုက်ပွဲတွေ ငြိမ်နေပါတယ်။ နှစ်ဘက်အဖွဲ့တွေ အင်အား ပြန်စုနေတဲ့သဘောပေါ့။ စစ်ရေးကတော့ နှစ်ဘက်အကျအဆုံးရှိပါတယ်။ သူတို့ဘက် ကလည်း တစ်မြို့လုံးကို ထိန်းချုပ်မှုမလုပ်နိုင်သေးသလို ကာကွယ်ရေးအဖွဲ့တွေကလည်း အကုန်လက်လွှတ်လိုက်ရတာမျိုး မဟုတ်သေးပါဘူး။ ဒီလောက်ပဲပြောနိုင်ပါသေးတယ်” ဟု ကောလင်းထောက်ပို့တပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီနှင့် ပျူစောထီးတပ်ပေါင်းစုက လက်ရှိတွင် ၎င်းတို့ စစ်ကြောင်း ထိုး တက်လာသည့် ကောလင်းမြောက်ခြမ်းနှင့် တောင်ခြမ်းရှိနေရာတချို့ကို စိုးမိုးထိန်းချုပ် ထားနိုင်ပြီး နေအိမ်များအတွင်းမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသယ်ထုတ်ကာ နေအိမ်များကို မီးရှို့လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက ကောလင်းမြို့ကိုပြန်လည်ရရှိနိုင်ရေးအတွက် စစ်ကောင်စီနှင့် ပျူစောထီး အဖွဲ့မြေပြင်အင်အား ၁,၀၀၀ နီးပါးကို ကန့်ဘလူ တင့်ကားတပ်ရင်း တကရ-၆၀၀၆ နှင့် ဝန်းသို ခမရ-၁၂၀ တပ်ရင်းတို့တွင် အသင့်အနေအထားရှိနေစေပြီး ကောလင်းသို့ အင်အား မပြတ်ပို့ဆောင်၍ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် လေကြောင်းမှ လေယာဉ်ပစ်ကူအပြင် Mi-35နှစ်စီးနှင့် Mi-17 ရဟတ်ယာဉ် တို့ကို ကန့်ဘလူ ၆၀၀၆ တပ်ရင်းအတွင်း အသင့်ထားပြီး ကန့်ဘလူနှင့်ကောလင်း ဝန်းသိုကို စစ်အင်အားဖြည့်လျက်ရှိကြောင်းသိရသည်။
မြေပြင်စစ်ကြောင်း၊ လေယာဉ်ပစ်ကူများအပြင် စစ်ကောင်စီက တိုက်ပွဲအတွင်း ဒရုန်းများကို အသုံးပြု၍ မြေပြင်အခြေအနေထောက်လှန်းခြင်းနှင့် ဒရုန်းဗုံးကြဲချ ခြင်းများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေကြောင်း ကောလင်း တော်လှန်ရေး တပ်ဖွဲ့များထံက သိရသည်။
လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များက ကောလင်းအရှေ့ခြမ်းနှင့်အနောက်ခြမ်းရှိ ဘဏ်နှင့် ရဲစခန်းရှိသော နေရာအချို့ကို ထိန်းချုပ်ထားနိုင်ပြီး ပိတ်မိနေသည့် ပြည်သူ အချို့ကို ကယ်ထုတ်လျက်ရှိကြောင်းသိရသည်။
#ကောလင်းမြို့ #အဓိကနေရာများ #စစ်ကောင်စီထိန်းချုပ် #Ayeyarwaddy_Times