
နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ရက်
ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ရှိ ပန်းပျိုးလက်ရွှေပြောင်းစာသင်ကျောင်း၌ ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့နံနက်ပိုင်းက ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ်နှင့် ကလေးသူငယ် အခွင့်အရေးနေ့အဖြစ် အသိပညာပေးပွဲ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် ကလေး သူငယ်အခွင့်ရေးနေ့အဖြစ် ကျင်းပသည့် အဆိုပါအသိပညာပေးပွဲကို မြန်မာဥပဒေ အထောက် အကူပြုအဖွဲ့ (Legal Aid Myanmar) က စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ပြည်ပနယ်မြေ အသီးသီးသို့ပြောင်းရွှေ့နေထိုင်ကာ စာသင်ကြားနေရသည့် ကလေးများအတွက် ကလေးသူငယ်အခွင့်ရေးဆိုင်ရာ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ကလေးတွေ မူလတန်းအရွယ်ထဲကစပြီး ကလေးသူငယ်တွေရဲ့ အခွင့်ရေးကို သိဖို့ လေးစားလိုက်နာတတ်ဖို့ကို ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။ လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပွား နေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယခုလို မကြုံရဖို့အတွက် ကလေးတွေကို ငယ်ငယ်ထဲက လေ့ကျင့်ပြုစုပျိုးထောင်ပေးတဲ့သဘောလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်” ဟု Legal Aid Myanmar အဖွဲ့မှ ကိုကျော်ရက ဧရာဝတီတိုင်းမ်ကိုပြောသည်
အဆိုပါအသိပညာပေးပွဲတွင် ကလေးများနှင့်အတူ အခမ်းအနားတက်ရောက်လာ သူများကို နံနက်စာအဖြစ် ပဲပြုတ်နှင့် နံပြား ကျွေးမွေးခဲ့ပြီး နေ့လယ်စာအဖြစ် ထမင်းဟင်းများ ချက်ပြုတ်ကျွေးမွေး လှူဒါန်းခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားဂုဏ်ပြု သောအားဖြင့် လည်းကောင်း၊ အနာဂတ်၏ မျိုးဆက်သစ်လူငယ်ကလေးများအား အသိအမှတ်ပြုသောအားဖြင့် လည်းကောင်း ကမ္ဘာ့ကလေးများနေ့ကို ဗိုလ်ချုပ် အောင်ဆန်း၏ မွေးနေ့ဖြစ်သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့အဖြစ် သက်မှတ်ခဲ့သည်။
ပုံစာ-ပန်းပျိုးလက်ရွှေပြောင်းစာသင်ကျောင်းတွင် ပြုလုပ်သည့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ အသိပညာပေးပွဲ
#ထိုင်းနိုင်ငံနယ်စပ် #ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ #ကမ္ဘာ့ကလေးများနေ့ #ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးပွဲ #Ayeyarwaddy_Times