
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၃ ရက်
စစ်အာဏာသိမ်းမှုကို ပြည်သူလူထုနှင့်အတူ ဆန့်ကျင်တော်လှန်နေသည့် နိုင်ငံရေး ပါတီများအပါအဝင် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ ဖွဲ့စည်းထားသော ဖက်ဒရယ် ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF)က ၎င်းတို့ရေးဆွဲသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (နောက်ဆုံးမူကြမ်း) ၂၀၂၄ ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ PRCF ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ဝင်ပါတီအချို့က စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေး ပြည်သူ့ကော်မတီ(PRF) အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ပြောင်းလဲခဲ့ခြင်းဖြစ်ကာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အစိတ်အပိုင်း(၁) ရေးဆွဲရာတွင်လည်း PRCF အနေဖြင့် ပါဝင်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ PRCF ကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖွဲ့စည်းခဲ့တယ်။ အဓိကအားဖြင့် UNA နဲ့ UNA ရဲ့ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ ၂၀၂၂ မှာ ကျွန်တော်တို့က ဒီဖွဲ့စည်းပုံအခြေ ခံဥပဒေပေါ့။ ပြည်ထောင်စု တစ်ခုလုံးအတွက် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ လိုအပ်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ၂၀၂၂ ကနေ စတင်ပြီးတော့ ရေးဆွဲခဲ့တယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် – SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်း ကျော်ညွန့်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA) အဖွဲ့ဝင်ပါတီများ ဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ ကရင်အမျိုးသားပါတီ(KNP)၊ ဇိုမီးဒီမိုက ရေစီအဖွဲ့ချုပ်(ZCD)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ(DPNS)၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP)၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ(DNDP)၊ ဒိုင်းနက်လူမျိုးများ တိုးတက်ရေးပါတီ၊ မြိုအမျိုးသား ဒီမိုကရေစီပါတီ(MNDP)၊ ကယန်းအမျိုးသား ပါတီ(KNP)၊ ရှမ်းပြည်ကိုးကန့် ဒီမိုကရက်တစ်ပါတီ(SSKDP)၊ မွန်ရေးရာအဖွဲ့(MAA)တို့ သည် PRCF အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၂၁ ရက်က PRCF ဖွဲ့စည်းမှု၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းပြမြေပုံ၊ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများနှင့် အခြေခံမူဝါဒများ ပါဝင်သော PRCF ဖွဲ့စည်းပုံစည်းမျဉ်းကို အတည်ပြုမူကြမ်းအဖြစ် သဘောတူခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် ပြုလုပ်သော PRCF အစည်းအဝေးအရ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒ(မူကြမ်း) ရေးဆွဲရန်အတွက် PRCF အဖွဲ့ဝင်အဖွဲ့အစည်းများမှ ကိုယ်စား လှယ် ခုနစ် ဦးနှင့် နည်းပညာအထောက်အကူပြု ငါး ဦးတို့ ပါဝင်သော PRCF ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေပဲပြောပြော၊ ဖက်ဒရယ်တည်ဆောက်ရေးပဲပြောပြော လုပ်မယ် ပြုမယ်ဆိုရင်တော့ အခြေခံရမယ့် လမ်းညွှန်အခြေခံမူတွေ၊ မူဝါဒတွေ စသဖြင့်ပေါ့ ကျွန်တော်တို့ဆွေးနွေး သဘောတူထားတာတွေရှိတယ်။ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီချာတာ အစိတ်အပိုင်း(၁)မှာပါတဲ့ အခြေခံမူတွေကိုလည်း ကျေကျေ ညက်ညက် ကြည့်ရှုပြီးမှ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရှိရင်းစွဲတွေနဲ့ ပြင်ဆင်မွန်းမံပြီး ရေးသားခဲ့တာဖြစ်တယ်” ဟု SNLD တွဲဖက်အတွင်းရေးမှူး ဦးစိုင်းကျော်ညွန့်က ပြောသည်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ရေးဆွဲရာတွင် PRCF စုံညီအစည်းအဝေးက အတည်ပြုထားသည့် PRCF အတည်ပြုမူကြမ်း၌ ပါရှိသည့် မျှော်ရည်ချက်၊ စံတန်ဖိုး၊ လမ်းညွှန်အခြေခံမူများ၊ အခြေခံမူဝါဒများ၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ပါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများ အပေါ် အဓိကအခြေခံပြီး ရေးဆွဲသွားရန်နှင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းရေးဆွဲ ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေများကို ကိုးကားရေးဆွဲသွားရန် သဘောတူ ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
ယင်းတိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများမှာ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ(FCDCC)က ရေးဆွဲခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (ဒုတိယမူကြမ်း)၊ UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဖွဲ့စည်းထားသော အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေး ညှိနှိုင်းမှု ကော်မတီ(CCCFU)က ရေးဆွဲခဲ့ကြသည့် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ(ပဏာမမူကြမ်း)တို့ဖြစ်သည်။
ထို့အပြင် ၂၀၂၂ ခုနှစ်၊ ဇွန် ၁၈ ရက်က ပြုလုပ်သော PRCF စုံညီအစည်းအဝေးတွင် PRCF ဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း)ကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် PRCF ဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူ ကြမ်း)ကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တွင် PRCF ဖွဲ့စည်းပုံအခြေခံဥပဒေ (အတည်ပြုမူကြမ်း) ကို လည်းကောင်း ဆွေးနွေးအတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်က ပြုလုပ်သော PRCF အထူးစုံညီ အစည်းအဝေးကြီးတွင် နောက်ဆုံးပြင်ဆင် ဖြည့်စွက်ထားသော PRCF ဖွဲ့စည်းပုံ အခြေခံ ဥပဒေ(မူကြမ်း)ကို ဆွေးနွေးကြပြီး PRCF ဖွဲ့စည်းပုံအခြေ ခံဥပဒေ (နောက်ဆုံးမူကြမ်း) အဖြစ် ကန့်ကွက်သူမရှိ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။
“နောက်ပိုင်းကျရင် ဘယ်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာကတော့ ကျွန်တော်တို့ ဖွဲ့စည်းပုံထဲမှာ ဒီတိုင်းပြည်ကို ဘယ်လို တည်ဆောက်ချင်တယ် ဆိုတဲ့ပုံလည်း မြင်မှာပါ။ သဏ္ဍာန်ကိုလည်း မြင်ရမှာပါ။ ဆိုတော့ ကျွန်တော်တို့ ယုံကြည်တဲ့ ယုံကြည်ချက်တွေ၊ သွားချင်တဲ့ ပြည်ထောင်စုပုံစံတွေ အဲဒီပုံစံတွေနဲ့ ဒီထဲမှာပါဝင်တဲ့ အခြေခံမူတွေ၊ လက်ခံတူညီတဲ့ သဘောထားတွေရှိကြတဲ့ အဖွဲ့အစည်း တွေနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ မည်သည့်အဖွဲ့အစည်းမဆို ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ကျွန်တော်တို့နဲ့ မူဝါဒတူတဲ့၊ ရည်ရွယ် ချက်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ဦးစိုင်းကျော် ညွန့်က ပြောသည်။
PRCF ၏ ဦးတည်ချက်ဖြစ်သော အာဏာရှင်စနစ် ပပျောက်ရေး၊ ဒီမိုကရေစီ အခွင့်အရေးနှင့် အခြေခံလူ့အခွင့်အရေးတို့ကို အာမခံသည့် အေးချမ်းသာယာပြီး ဘက်စုံ ဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် ခိုင်မာအောင် တည်ဆောက်ရေးတို့နှင့်အညီ ယခုမှစတင်၍ အနာဂတ်ပြည်ထောင်စုကြီးတွင် ကျင့်သုံးနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်ကို PRCF က ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
ထိုဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင် ပြောင်းလဲ၍ မရသော ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်ရပ်အဖြစ် မှတ်ယူခြင်းမရှိသည့်အလျောက် PRCF အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများ၏ အကြံပြုချက်များ၊ အများပြည်သူ၏ အကြံပြု ချက်များအပေါ် လက်ခံရယူလျက် လိုအပ်သည်များကို ပြင်ဆင်ဖြည့်စွက်ကာ ရှင်သန် နေသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် အဖြစ် လက်ခံမှတ်ယူ သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#PRCF #ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု #ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း #Ayeyarwaddy_Times