ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ရက်

ရခိုင်ပြည်နယ်၊ မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်စခန်းနှင့် ရဲစခန်းများမှ စစ်ကောင်စီ၊ ရဲနှင့် မိသားစုဝင် အားလုံးစုစုပေါင်း အင်အား ၃၀၀ခန့် မြေပုံမြို့မှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ထွက်ပြေး တိမ်းရှောင်သွားကြသူများမှာ မြေပုံမြို့ရှိ စစ်ကောင်စီ၏ တောင်ဖလာစစ်ဆေးရေးဂိတ် နှင့် ပုလဲကွင်းတို့မှဖြစ်ကြပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ရက် နံနက်အစောပိုင်း ၁ နာရီကျော်ခန့်က ဇက်ရေယာဉ် နှစ်စီးဖြင့် မြေပုံမြို့ သင်္ဘောဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဇက်ရေယာဉ် နှစ်စီးသည် ကျောက်ဖြူမြို့သို့ နံနက် ၆နာရီအချိန်ခန့်တွင်ဆိုက်ကပ်ပြီး တပ်မိသားစုဝင်များပါသည့် တစ်စီးမှာ သံတွဲမြို့သို့ဆက်လက်ထွက်ခွာသွားကြောင်း ရခိုင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ကျောက်ဖြူမြို့နယ်တွင် ယနေ့ဖေဖော်ဝါရီ ၁၂ရက် နံနက် ၈ နာရီခန့်မှစတင်၍ စစ်ကောင်စီနှင့် ရက္ခိုင့် တပ်တော် AA တို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ အဆိုပါ တိုက်ပွဲနေရာသို့ မြေပုံမြို့မှထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သွားရောက်အင်အားပူးပေါင်းခဲ့ကြကြောင်း သိရသည်။

“ဒီနေ့မနက် ကျောက်ဖြူ ငှက်ပျောချောင်းရွာအနီးက ရဲတပ်ရင်း ၃၂ မှာ တပ်တော်နဲ့ တိုက်ပွဲဖြစ်တယ်။ စစ်တပ်က လေယာဉ်နဲ့ ကုလာဘာကျေးရွာအုပ်စုကို ဗုံးကြဲတယ်။ အခုမြေပုံကပြေးတဲ့သူတွေ ကျောက်ဖြူမှာ အင်အားပူးပေါင်းရတယ်ပြောတယ်” ဟု ရခိုင်ရှိစစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

မြေပုံမြို့သည် လက်ရှိတွင် AA က သိမ်းပိုက်ထားသည့် မင်းပြားမြို့နှင့်ထိစပ်နေပြီး မြို့တွင်ရှိသည့် စစ်တပ်ဖွဲ့စည်းပုံ အရေအတွက်မှာလည်း အင်အားလျော့နည်းနေသည့်အတွက် ယခုကဲ့သို့ထွက်ပြေးကြခြင်းဖြစ်ပြီး ၎င်းတို့ ကတိုက်ကရိုက်ထွက်ပြေးစဉ်တွင် လက်နက်ခဲယမ်း အမြောက်အမြား သင်္ဘောဆိပ်၌ကျန်ရှိခဲ့ကြောင်း သိရသည်။

ပုံစာ- ထွက်​ပြေးသည့် စစ်​ကောင်စီတပ်ဖွဲ့များထံမှကျန်ခဲ့သည့် လက်နက်ခဲယမ်းများ
#မြေပုံမြို့ #စစ်ကောင်စီတပ်ဖွဲ့များ #စခန်းစွန့်ခွာပြေး #အင်အား၃၀၀ #Ayeyarwaddy_Times