ဧရာဝတီတိုင်းမ်
(ဇရပ်ကြီး)၊ ဖေဖော်ဝါရီ ၁၂ ရက်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နေ့က စစ်တောင်းမြစ်ဝှမ်းဒေသ ဖားစည်ဟိန်းသံနှင့် ဆယ်လမွန်ပူးပေါင်းစစ်ဆင်ရေး(ဇရပ်ကြီး) အဖြစ် စစ်ကောင်စီစစ်စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ထံကသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၇၀ ကျော်သေဆုံးခဲ့ပြီး စစ်ကောင်စီ၏ အဓိကထောက်ပို့လမ်းကြောင်းပေါ်ရှိ မြို့စိုးတံတားတံတာဂိတ်စခန်း၊ နှစ်တန့်ကူးတံတားနှင့် ရေကြည်ချောင်းတံတားရှိ စစ်ကောင်စီ ဂိတ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့စိုးတံတားနှင့် နှစ်တန့်ကူး တံတားတို့ကို ဖောက်ခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

“ဇရပ်ကြီးရဲ့အခြေအနေကတော့ စစ်ကောင်စီတပ်တွေပြန်ပြီး‌တော့ ၀င်ရောက်လာနေတယ်။ လက်ရှိမှာတော့တိုက်ပွဲတော့မဖြစ်ထားဘူး။ သူတို့လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားဖို့ ဆိုင်ထားတယ့်အနေအထား မှာပဲရှိပါတယ်။သူတို့ ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်ပြီးယူဖို့ပေါ့။ ကျွန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့၀င်တွေကတော့ ပြည်သူလူထုတွေ ပိတ်မိနေတယ့်အချိန်မှာ နောက်ပြန်ဆုတ်လာရတာရယ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တအချိန် အထိခိုက်အပျက်စီးတွေများတဲ့အတွက် ပြန်ဆုတ်လာခဲ့ပြီပေါ့နော်။ လက်ရှိဒေသခံတွေကတော့ ရှောင်တဲ့လူရှောင်သလို ကျန်နေတဲ့လူတွေလည်းရှိနေပါတယ်” ဟု အမှတ်-၂စစ်ဒေသခွဲ ပြန်ကြားရေးဝာာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရား အင်အားချိနဲ့စေရန်ရည်ရွယ်ပြီး ဇရပ်ကြီးရဲစခန်းနှင့် ဇရပ်ကြီးအခြေစိုက် ခလရ-၇၃ တပ်ရင်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ရေးအဆောက်အအုံများ၊ အရေးကြီးစာရွက်စာတမ်းများနှင့် လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ဒေသခံနေအိမ်များကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု အကြိမ် ၈၀ ကျော်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးဘက်က အားလုံးပြန်ဆုတ်ထားပါပြီး။ ဖြစ်ပျက်နေမှုအားလုံးသည် အကြမ်းဖက်စစ်‌ကောင်စီ နှင့်သာ သက်ဆိုင်တာဝန်ရှိပါတယ်။ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေရှိတယ်ထင်ပြီး ပစ်ခတ်နေတာ ပြည်သူတွေပဲအထိနာနေတယ်” ဟု မြေပြင်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ဒေသခွဲ-၂ အနေဖြင့် စစ်တောင်းမြစ်ဝှမ်းဒေသတွင် စစ်ရေးအရှိန်မြှင့်ကာ တိုက်ပွဲများ ဆက်လက်ဖော်ဆောင်မည် ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် ဘေးအန္တရယ်ကင်းဝေစေရန် ကြိုတင်ပြင်ဆင်ထားကြရန်လည်း သတိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – NUG၊ MOD
#ဇရပ်ကြီး #တိုက်ပွဲပြင်းထန် #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #တံတားချိုးဖျက်နိုင် #Ayeyarwaddy_Times