ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
စစ်ကောင်စီအာဏာသိမ်းထားသည့် ကာလအတွင်း ကုန်ဈေးနှုန်းများအဆက်မပြတ်မြင့်တက်နေရာ ယခု ဖေဖော်ဝါရီလတွင် လူသုံးများသည့်အားဆေးနှင့် ဆေးဝါးဈေးနှုန်းများဆက်လက်မြင့်တက်နေကြောင်း ဆေးဝါးသုံးစွဲနေရသူများထံက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း ဆေးမျိုးစုံ၏ဈေးနှုန်းမှာ တစ်ဆမှ နှစ်ဆနီးပါးမြင့်တက်ခဲ့ပြီး အားဆေးများနှင့် နာတာရှည်ရောဂါသည်များသောက်သုံးရသည့် ဆေးဝါးများ ဈေးမြင့်တက်နေကြောင်း သိရသည်။
” ဆေးတွေဈေးတက်တယ်။ တစ်လစာပဲဝယ်တာဆိုတော့ တစ်လကုန်တာနဲ့ တစ်ခါစျေးတက်တယ်။ အားဆေး spectrum 50 + က ဝယ်မရဘူး။ ဘယ်မှာမှမရတာ။ တချို့တွေက အာနိသင်တူတာရတယ်။ နှလုံးဆေးကမရဘူး ” ဟု နှလုံးသွေးကြောကျဉ်းနှင့်အဆို့ရှင်ဟနေသည့် ဝေဒနာရှိသူ ဒေါ်နွယ်နွယ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ကင်ဆာရောဂါကုဆေးဝါးများ၊ နှလုံးရောဂါဆေးဝါးများအပါအဝင် အရိုးရောဂါအထူးကုဆေးများ၏ ဆေးဈေးနှုန်းမှာ ကျပ်၂၀၀၀ မှ ၃၀၀၀ ကျပ်ကြားအပြင် အချို့ဆေးများမှာမူ ၅၀၀၀ ကျပ် အထိမြင့်တက်နေကြောင်း ဆေးဝါးများရောင်းချသည့် ဗိုလ်ချုပ်စျေးသစ် ဆေးဈေးကွက်အတွင်းက သိရသည်။
လက်ရှိတွင် ဆေးဝါးဆေးနှုန်းများဆက်လက်မြင့်နိုင်သဖြင့် လူနာများအနေဖြင့် အာနိသင်တူဆေးကို အစားထိုးသောက်နိုင်ရန်အတွက် ဆရာဝန်များထံ မေးမြန်းထားသင့်ကြောင်း ဆေးဝါးကျွမ်းကျင်သူတစ်ဦးက အကြုံပြုသည်။
” အဓိကဒေါ်လာဈေးတက်တာရယ် လိုင်စင်ချမပေးတာကဆေးတွေကို ဈေးတက်စေတယ်။ စက်သုံးဆီကိုဦးစားပေးသလို ဆေးဝါးတင်သွင်းတဲ့လူတွေကိုစားပေးသင့်တယ် ” ဆေးဝါးကျွမ်းကျင်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းပြင် အမေရိကန်ဒေါ်လာဈေးမြင့်တက်မှု၊ စစ်ကောင်စီက ဆေးဝါးလိုင်စင်များချပေးရာတွင် အရေအတွက် နည်းပါးမှုများအပါအဝင် ပစ္စည်းထုတ်ရာတွင်ကြန့်ကြာမှုများကြောင့် ဆေးဝါးစျေးမြင့်တက်ကာ ဆေးရှားပါးမှုများဖြစ်ပေါ်စေခြင်းဖြစ်ကြောင်း ဆေးဝါးနှင့်ဆေးပစ္စည်းမျိုးစုံရောင်းချသူများထံက သိရသည်။
မြန်မာနိုင်ငံတွင် အသုံးပြုနေသည့်ဆေးဝါးများကို လိုင်စင်ယူထားသည့်ကုမ္ပဏီများကတင်သွင်းခြင်းနှင့် ကုန်သည်များက နယ်စပ်မှတင်သွင်းခြင်းတို့ဖြင့် ရရှိကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာ၀တီတိုင်းမ်
#လူသုံးများ #အားဆေးတချို့ပြတ်လပ် #ဆေးဝါးဈေးနှုန်းများ #ဆက်လက်မြင့်တက် #Ayeyarwaddy_Times