ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ရက်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တို့မှ လေယာဥ်ဖြင့် ခရီးသွားမည့်ပြည်သူများ စစ်ကောင်စီ၏ ထောက်ခံချက်ပါမှ လေယာဥ်လက်မှတ် ဝယ်ယူ ခွင့်ပြုမည်ဟု ကန့်သတ်လိုက်ကြောင်းသိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဌာနတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးအရ ယခုလာမည့် ဖေဖော်ဝါရီ ၁၅ရက်မှစတင်၍ ကျောက်ဖြူမှ ရန်ကုန်သို့ လေယာဥ်ဖြင့်ခရီးသွားမည့်သူများ စစ်ကောင်စီ၏ ထွေအုပ်ရုံး ထောက်ခံခွင့်ပြုချက်စာပါမှသာ လက်မှတ်ဝယ်ယူခွင့် ရရှိမည်ဖြစ်ပြီး အွန်လိုင်းမှ e-ticket ဖြင့်ဝယ်သူများမှာလည်း လေဆိပ်သို့ ထောက်ခံစာ ယူသွားရမည်ဖြစ်ကြောင်း သိရသည်။

“ဘာလို့ ထောက်ခံစာယူခိုင်းလဲတော့မသိဘူး။ ကျွန်တော်တို့လေဆိပ်အရောင်းဌာနတွေဆီကိုတော့ ဒီအတိုင်းပဲ ညွှန်ကြားစာရောက်တယ်။ ဝန်ထမ်းတို့ ၊ ကျောင်းသား တို့ဆိုလည်း သူတို့ အာမခံကတ်နဲ့ ထောက်ခံစာသွားလုပ်ရမှာပဲ။ ကျွန်တော်တို့ဆီ တိုက်ရိုက်ကြီး ခွင့်ပြုစာမပါဘဲတော့ လာလို့မရဘူး အဲဒီလိုသိထားပါတယ်” ဟု ကျောက်ဖြူ လေယာဥ်လက်မှတ်အရောင်းဌာနနှင့်နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ လေယာဥ်လက်မှတ်ဝယ်ယူခွင့်ကန့်သတ်စာတွင် ကျန်းမာရေးမကောင်းသူ၊ ကျောင်းတက်နေသည့် ကျောင်းသား၊ ကျောင်းသူများ၊ ခွင့်ပြုချက်ရရှိထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများမှလွဲ၍ မည်သည့်ခရီးသည်ကိုမျှ ကျောက်ဖြူ- ရန်ကုန်ခရီးစဥ်ကို သွားရောက်ခွင့်ပြုမည် မဟုတ်ကြောင်း ဖော်ပြထားသည်။

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင်လည်း ဖေဖော်ဝါရီ ၈ရက်နေ့ကတည်းက သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၏ ခွင့်ပြုချက်ဖြင့်သာ လေယာဥ်ဖြင့်ခရီးသွားခြင်းကိုခွင့်ပြုတော့မည်ဖြစ်ကြောင်း ကြေညာစာထွက်လာခြင်းဖြစ်သည်။

အဆိုပါ လေယာဥ်လက်မှတ်ကိုထောက်ခံစာပါမှ ကန့်သတ်ရောင်းချခွင့် ထုတ်ပြန်စာများ ကို မြိတ်မြို့နယ်အတွင်းရှိ MNA၊ MAIနှင့် Mingalarလေကြောင်းများသို့ စစ်ကောင်စီက ပေးပို့ခဲ့ကြောင်းသိရသည်။

“အခုသိထားသလောက်ကတော့ ကျောက်ဖြူနဲ့ မြိတ်ကိုပေါ့။ အရပ်သားပြည်သူတွေ ထောက်ခံစာသွားယူရမယ်ဆိုပြီး စာထုတ်လာတယ်။ ဒီအခြေအနေက သိပ်မရိုးရှင်း ဘူးဗျ။ နောက်ပြည်နယ်တွေလည်း ဒီလိုစာထွက်ချင်ထွက်လာနိုင်ပါတယ်။ စစ်တွေကတော့ စာထုတ်စရာကို မလိုဘူး။ အရာရှိမိသားစုဝင်တွေအရေးပေါ်သွားချင်ရင် ကိုယ့်ခရီး စဥ် ရက်ရွှေ့ဆိုင်းခံရတာတွေရှိပါတယ်။ လက်မှတ်ခကလည်း အပြင်မှောင်ခိုမှာ ၁၂သိန်းထိပေါက်နေပြီ”ဟု စစ်တွေ လေဆိပ်နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ကျောက်ဖြူနှင့် စစ်တွေမြို့တို့မှ စစ်ကောင်စီ၏ အရာရှိမိသားစုဝင်များနှင့် ဌာနဆိုင်ရာ အရာရှိများသာ ရန်ကုန်နှင့် နေပြည်တော်သို့ အပြောင်းအရွှေ့များ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပုံစာ-ကျောက်ဖြူလေဆိပ်၊ မြိတ်လေဆိပ်
#ကျောက်ဖြူ #မြိတ် #လေယာဥ်လက်မှတ် #စစ်ကောင်စီ #ခွင့်ပြုချက် #ထောက်ခံစာ #ခွင့်ပြု
#Ayeyarwaddy_Times