မြရာ/ဧရာ၀တီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်ရေယာဉ် သုံးစီးနစ်မြုပ်ကာ စစ်ကောင်စီ တပ်သား များ သေဆုံးမှုနှင့်ပတ်သက်ပြီး တပ်ထောက်ခံသူများနှင့် ဝါဒဖြန့်ချန် နယ်များမှနေ၍ ရခိုင်-ဗမာလူမျိုးရေး မုန်းတီးမှုများနှင့် ပဋိပက္ခများဖြစ်ပေါ်စေရန် သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များက ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းများအားလုံး စုပေါင်းထားသည့် အမှတ်(၉)စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် စကခ- ၉ နှင့် ခမရ ၃၇၅ တို့မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်ရေယာဉ် နှစ် စီး ၊ ဇက်ရေယာဉ်တစ်စီးတို့ဖြင့် ရက္ခိုင့်တပ်တော် (AA) ကို တိုက်ခိုက်၍ ထွက်ပြေးစဉ် AA က လိုက်လံတိုက်ခိုက်ရာ ကုလားတန်မြစ်အတွင်း ယင်းရေယာဉ်သုံးစီးလုံးနစ်မြုပ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေယာဉ် သုံး စီးပေါ်တွင်လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားများကို AA က လက်နက်ချအညံ့ခံ၊ အလံဖြူ ထောင်ရန် သုံးကြိမ်သတိပေးတောင်းဆိုခဲ့ပြီး မနစ်မြုပ်ခင် ၃၀ မိနစ်ခန့် အချိန်ပေး၍ ကယ်တင်မှုလုပ် ဆောင်ရန် ပြုလုပ်ခဲ့သော်လည်း စစ်ကောင်စီ တပ်ဖွဲ့က ပြန်လည်ပစ်ခတ်တိုက်ခိုက်ပြီး၊ လေယာဉ်မှ ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ရေယာဉ်နစ်မြုပ်သွား၍ အသက်မသေဘဲ ကျန်ခဲ့သူများ ကမ်းသို့ ကူးခတ် လာစဉ် တွင်လည်း AA တပ်ဖွဲ့ဝင်များက ဝိုင်း၀န်းကယ်ဆယ်ပေးခဲ့သူ အများအပြားရှိ ကြောင်းနှင့် ၎င်းတို့ကို စစ်သုံ့ပန်းဥပဒေအရ ကောင်း မွန်စွာထားရှိထားကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုဖြစ်စဉ်များကို စစ်ကောင်စီထောက်ခံဝါဒဖြန့်ချန် နယ်များတွင် ရေယာဉ်နစ်မြုပ်ခံရ၍ ကမ်းသို့အသက်လုထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များနှင့် မိသားစု၀င် ၇၀၀ ကျော်ကို AA က ကမ်းပေါ်မှနေ၍ သေနတ်များဖြင့် ပစ်ခတ်သတ်ဖြတ်ပြီး ရွာသားများကလည်း ကမ်းပေါ်မတက်နိုင်အောင် ဓားဖြင့်ခုတ်ထစ် သတ်ဖြတ်ခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။

“၇ ရက်နေ့ကဖြစ်စဉ်မှာ တပ်တော်နဲ့ စစ်ကောင်စီက အကြီးအကျယ်အပြန်အလှန်ပစ်ပြီး တိုက်ပွဲပြင်းထန်နေတာ။ လေယာဉ်ကနေလည်း ဗုံးတွေဆက်တိုက်ချတယ်။ ရွာထဲထိပါ ကျတယ်။ အပြန်အလှန်ပစ်နေကြတာ။ ပုန်းနေတဲ့နေရာကတောင် ထွက်ဖို့မလွယ်ဘူး။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့အပြန်အလှန်ပစ်ကြတာ။ အဲဒီလိုအခြေအနေကို ကျွန်တော်တို့က ဘယ်လို ဓားနဲ့ထွက်ခုတ်မလဲ” ဟု ကျောက်တော်၊ အပေါက်၀ရှိ ဒေသ ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့် ကြံ့ခိုင်ရေးပါတီ၏ သတင်းများကို အသားပေး ဖော်ပြလျက် ရှိသည့် မီဒီယာအမည်ခံ ဝါဒဖြန့်ချန်နယ်များနှင့် ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်ဆောင်း ဘူးလက်လှဆွေကလည်း “ယနေ့မှစပြီး မင်းလမ်းမုန့်တီမစားတော့ပါ။ ရခိုင် မုန့်တီကိုမုန်းသွားပြီ။ ရခိုင်အစားအသောက် တွေကိုရှောင်ပြီ။ ရခိုင်ဆိုင်တွေ ကြည့်တောင် မကြည့်ချင်ဘူး” စသည်ဖြင့် ၎င်းတို့ကိုယ်ပိုင် လူမှုကွန်ရက်များတွင် ရေးသားထားသလို ဝါဒဖြန့်ချန်နယ်များတွင်လည်း ရေးသား၍ သွေးထိုးလှုံ့ဆော်လျက်ရှိသည်။

“ဒီနေ့မနက် ကျောင်းရှေ့ကဓာတ်တိုင်မှာ စာလာကပ် သွားတယ်။ ဘယ်သူကပ် တယ်ဆိုတာ မမြင်ရပေမယ့် သူတို့စစ်တပ်ထောက်ခံအဖွဲ့ကပဲဖြစ်မယ် ဒါမျိုးလုပ်ရဲ တာ။ အဓိကတော့ သွေးခွဲတဲ့စာပါ။ ရခိုင်လူမျိုးဆိုင်တွေကို အားမပေးဖို့ရေးထားတာ။ အချင်းချင်းရန် တိုက်ပေးပြီး ပဋိပက္ခဖြစ်လာအောင် လုပ်လာမှာပဲ ကြောက်ရတယ်။ စစ်ကောင်စီလက်အောက်က လွတ်ဖို့လုပ်နေတာ၊ ပြည်မကလူတွေအနေနဲ့ ဘယ်တိုင်း ရင်းသားနဲ့မှ ရန်ဖြစ်ဖို့မရှိဘူး”ဟု မန္တလေးမြို့နေ အမျိုး သမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်း ဆွင် မန္တလေးမြို့၏ လူစည်ကားရာ ဈေး၊ ကျောင်း၊ ဆေးရုံနှင့် အဓိကလမ်းမကြီးများပေါ်ရှိ ထင်ရှားရာ နေရာနှင့် ဓာတ်တိုင်များတွင် ရခိုင်အစားအစာနှင့် ရခိုင်စာရောင်းချသည့် စားသောက်ဆိုင်များ၊ ရခိုင်လူ မျိုးပိုင်ဈေးဆိုင်များတွင် ၀ယ်ယူအားပေးမှုမပြုရန် သွေးထိုးလှုံ့ဆော်စာများကို ပြည်သူများဟုဆိုကာ ဖြန့် ဝေထားသည်ကို တွေ့ရသည်။

ပုံစာ-မန္တလေးတွင် လူမျိုးရေး ပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ကပ်ထားသော စာတစ် စောင်အားတွေ့ရစဉ်
#ရခိုင် #ဗမာ #လူမျိုးမုန်းတီးရေး #ပဋိပက္ခ #ဝါဒဖြန့် #စစ်တပ်ထောက်ခံသူများ #Ayeyarwaddy_Times