ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် စစ်ရေးပြင်းထန်လာ၍ စစ်ရှောင်သွားကြသည့် ပြည်သူများ၏ နေအိမ်များအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်၍ အဖိုးတန်ပစ္စည်းများကို ခိုးယူပြီး ကားများဖြင့် သယ်ဆောင်သွားကြကြောင်း သတင်းရရှိသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက် ည၁၁နာရီ ၃၀မိနစ်ခန့်က ကောလင်းမြို့တွင်း ရောက်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့များသည် မြို့တွင်းရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းမှန်သမျှကို စစ်ကားကြီး သုံးစီးဖြင့် ဝန်းသို ခမရ ၁၂၀နှင့် ခမရ ၁၁၁တပ်အတွင်းသို့ ခိုးထုတ်သယ်ဆောင်သွားကြကြောင်း Kawlin Revolutionထံမှ သိရသည်။
“ဒီနေ့လည်း ကျွန်းလှခုံထဲ မီးခိုးအူနေဆဲပဲလို့ သိထားရတယ်။ ညကတော့ ရွာထဲရှိတဲ့ အမျိုးတွေအကုန်ခွာခဲ့ပြီ။ ကျွန်းလှခုံ ဘုန်းကြီးကျောင်းက ဆရာတော်လည်း ညက စစ်ရှောင်တွေနဲ့အတူ စစ်ရှောင်ခဲ့ပြီလို့ပြန်သိရတယ်။ စစ်ရှောင်တွေအဖို့ နည်းနည်းခက်ခဲသွားမှာပေါ့။ ကျန်ခဲ့တဲ့ အိမ်ကတော့ လောင်ပြီထင်ပါတယ်။ ပြန်ခွင့်ရရင်တောင် နေစရာ အိမ်မရှိတော့ဘူး။ မတတ်နိုင်ဘူး စစ်ကောင်စီတွေမရှိတဲ့ မြို့ကို ပြန်ရရင်ကိုကျေနပ်ပြီ” ဟု ကျွန်းလှခုံမှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကောလင်းမြို့ရှိ စစ်ရှောင်ပြည်သူအများစုမှာ အရေးပေါ် စစ်ရှောင်ခဲ့ကြသည့်အတွက် တစ်နိုင်သယ်ပိုးနိုင်သည့် ပစ္စည်းအချို့ကိုသာ သယ်ယူထွက်ပြေးခဲ့ကြရသည့်အတွက် အဖိုးတန်ပစ္စည်းနှင့် ရိက္ခာဆန်စပါး၊ မျိုးစပါးများ အိမ်တိုင်းနီးပါး ချန်ထားရစ်ခဲ့ရကြောင်း ကောလင်းဒေသခံများထံမှ သိရသည်။
“ဒီနှစ်က ဖြစ်ချင်တော့ ရိက္ခာစပါးရော မျိုးစပါးရောထားမယ်ဆိုပြီး ဆန်စပါးတွေ အကုန်မရောင်းဘဲ အိမ်တွေထဲ လှောင်ထားကြတာ။ အိမ်တိုင်းနီးပါးပဲ။ ပြေးလည်းပြေးရရော အဲဒါတွေမသယ်နိုင်ဘူးလေ။ထားခဲ့ရတာ။ တချို့တွေ မီးလောင်တဲ့အထဲပါပြီး တချို့အိမ်က စပါးတွေတော့ စစ်သားတွေအကုန်ခိုးယူသွားတယ်ကြားတယ်” ဟု ကောလင်းမြို့မှစစ်ရှောင်လာသူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ကောလင်းမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက်ခိုက်လာသည်မှာ ယနေ့ဆိုလျှင် ၁၀ရက်မြောက်ရှိပြီဖြစ်ပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ရက်နေ့ မနက် ၆နာရီ ကစပြီး တိုက်ပွဲအပြင်းအထန် ဖြစ်ပွားလျက်ပင် ရှိကြောင်း သိရသည်။
စစ်ကောင်စီက ယနေ့တွင်လည်း ကျော်ဇေယျာတောင်ပိုင်းရှိ ကျော်ဇေယျာ အမှတ် ၄၆သစ်စက် အနောက်ဘက်ခြမ်းရှိ နေအိမ်များကိုမီးရှို့နေပြီး ကောလင်းမြို့မဈေးတစ်ဝိုက်ပါ မီးလောင်ကျွမ်းနေကြောင်း သိရသည်။
“အိမ်တွေကို သက်သက်ရှို့တဲ့မီးလား၊ သူတို့စစ်ကောင်စီအလောင်းတွေကို အိမ်တွေထဲထည့် ရှို့လို့လောင်တဲ့မီးလား စုံစမ်းနေတယ်”ဟု Kawlin Revolution အဖွဲ့ကပြောသည်။
လက်ရှိစစ်ရေးအခြေအနေမှာ ပြင်းထန်လျက်ပင်ရှိပြီး စစ်ကောင်စီဘက်က အင်အားဖြည့်တင်းလိုက် မြို့ထဲပြန်ဝင်တိုက်လိုက်ဖြင့် တော်လှန်ရေးအဖွဲ့များ အင်အားနည်းအောင်၊ လက်နက်ခဲယမ်း လျော့နည်းလာအောင်၊ ရိက္ခာပြတ်လပ်အောင် ပြုမူလျက်ရှိကြောင်း သိရသည်။
ပုံစာ-မီးလောင်ကျွမ်းနေသည့် ကောလင်းမြို့အခြေအနေ
#ကောလင်း #စစ်ကောင်စီ #ပြည်သူပိုင်အဖိုးတန်ပစ္စည်းများ #ခိုးယူသယ်ထုတ် #Ayeyarwaddy_Times