နွေဦးမောင် /ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ရက်

စစ်ကောင်စီက နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မည်ဟု ကြေညာခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်းစစ်ဌာနက တပ်သားသစ်များကို ခေါ်ယူခဲ့ပြီး ကျား/မ မရွေး လျောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းစစ်ဌာနက တော်လှန်ရေးအတွက် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ တပ်သားသစ်များကို ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေက စတင်ခေါ်ယူခဲ့ခြင်းဖြစ်ကာ စစ်မှုထမ်းဆောင်လိုသူများသည် ကျန်းမာရေးအထူး ကောင်းမွန်ပြီး တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်လိုစိတ်ရှိ၍ အမိန့်နာခံတတ် သူဖြစ်ရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်ပေမဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေက သူတို့ထင်သလိုခြိမ်းခြောက်ပြီး လုပ်ချင်ရာလုပ်တာကို လက်ခံနေမဲ့သူတွေ မဟုတ်တော့ ဘူး။ မဖြစ်မနေမို့ လက်နက်ကိုင် လမ်းစဥ်ကိုရွေးချယ်ရမယ်ဆိုရင်တောင် သူတို့တွေက တော်လှန်ရေးတပ်ဖွဲ့တွေဆီကိုပဲ ဝင်ရောက်တာဝန်ထမ်းဆောင်မယ်ဆိုတာ ယုံကြည်ပါ တယ်” ဟု ရန်ကုန်ရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

နွေဦးတော်လှန်ရေးမှ ပေါက်ဖွားလာသည့် ကရင်ပြည်နယ် အတွင်းရှိ တော်လှန်ရေး တပ်ဖွဲ့များသည်လည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ပထမအပတ်က တော်လှန်ရေး တပ်သားသစ်ခေါ်ယူမှုများ ရှိခဲ့ပြီး လက်ရှိတွင် စစ်သင်တန်း တက်ရောက်မှုများ ပြုလုပ်နေကြောင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ထံက သိရသည်။

” အားလုံးဟာ စစ်တပ်ရဲ့ ယုတ်မာရက်စက်မှုကို အကုန်သိနေကြပါပြီ။ လက်နက်မရှိလို့ လက်နက် ကိုင် လမ်းစဥ်ကို မရွေးချယ်ချင်ကြလို့သာ ငြိမ်ခံနေကြရတာ။ စစ်ကောင်စီက အခုလို ဥပဒေ ပြဌာန်းပြီး အတင်းအကျပ် လုပ်ဆောင်လာရင်တော့ ဘယ်သူ့ဘက်ကို ပြောင်းလှည့်မလဲ ဆိုတာ စောင့်ကြည့် ပေါ့။ ပြည်သူကိုကာကွယ်နေတဲ့ စစ်သားနဲ့ ပြည်သူကို ရက်စက်ယုတ်မာနေတဲ့ စစ်သား ဘယ်လို ကွာခြားလည်းဆိုတာ သိပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။

ဓာတ်ပုံ-ရန်ကုန်တိုင်းစစ်ဌာန
#စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #NUG #ရန်ကုန်တိုင်းစစ်ဌာန #တပ်သားသစ်များခေါ်ယူ #Ayeyarwaddy_Times