ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့အနီးကျေးရွာများကို ကျေးလက်ဆိုလာ လျှပ်စစ်စီမံကိန်းကုန်ကျစရိတ်အဖြစ် ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များထံသို့‌ ငွေကျပ်သိန်းရာချီ
ကောက်ခံနေကြောင်း သတင်းရရှိသည်။

ကျိုက်လတ်မြို့ အနီးရှိ ကျောင်းစု၊သူဌေးကုန်း၊ တာပြတ်နှင့် ဝါးရုံစုစသည့်ကျေးရွာများတွင် ကျေးလက်ဆိုလာ လျှပ်စစ်စီမံကိန်း ကုန်ကျစရိတ်အတွက် လုံလောက်မှုမရှိ၍ မြို့နယ်စစ်ကောင်စီ၊မြို့နယ်သမဝါယမနှင့် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ မှ ငွေကျပ်သိန်း ၁၀၀၀ ထက်မနည်း ရှာဖွေရန်ပြီးခဲ့သည့်တိုင် စစ်ကောင်စီမှ ဖေဖော်ဝါရီ ပထမအပတ်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ မြို့နဲ့ တော်တော်လေးကို ဝေးတဲ့ရွာတွေကို ဆိုလာလျှပ်စစ်စီမံကိန်းလုပ်နေတာ။ စီမံကိန်းအတွက်ချပေးတဲ့ ကုန်ကျငွေမလောက်တော့ တိုင်းနဲ့မြို့နယ်ဘက်က ငွေကျပ်သိန်းတစ်ထောင် ထပ် ရှာခိုင်းတယ်။ ကျောင်းစုတို့သူဌေးကုန်းတို့ဆိုတာကမြို့နဲ့နီးတယ်။ တာပြတ်တို့ဝါးရုံစုတို့ကျတော့ မြို့နဲ့အရမ်းဝေးသွားပြီ။ အဲ့ရွာတွေအတွက်ကို လျှပ်စစ်မီးရဖို့ဆိုပြီး ရန်ပုံငွေရှာခိုင်းတယ်ပေါ့။မလွယ်လောက်ဘူး။အဲ့ဘက်ကရွာတွေဆိုတာ တောင်သူတွေပဲနေတာ။အရမ်းခက်ခဲကြတယ်။ဒါပေမဲ့မဖြစ်မနေ ကောက်ရမယ်ဆိုတော့ရပ်ကျေးအဖွဲ့တွေဘက်က ဘယ်လိုလာမလဲမပြောတတ်ဘူး”ဟု မြို့နယ်စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းကျေးလက် ဆိုလာလျှပ်စစ်စီမံကိန်းအတွက်စစ်ကောင်စီ လက်အောက်ခံ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန နှင့်တိုင်းစစ်ကောင်စီမှ ကုန်ကျစရိတ် ငွေကျပ်သိန်း၁၀၀၀ ချပေးခဲ့သော်လည်း လုံလောက်မှုမရှိ၍ လုပ်ငန်းရှင်တစ်ဦးလျှင် ငွေကျပ်သိန်း၅၀ နှင့် တောင်သူတစ်ဦးလျှင် ငွေကျပ်သိန်း ၁၅သိန်း အတင်းအကျပ် ကောက်ခံသွားခဲ့ကြောင်း သိရသည်။

“ ဆိုလာလျှပ်စစ်ကအခုမှလုပ်ပေးထားတုန်း ၊ မီးကမလာသေးဘူး။ငွေအရင်လိုက်ကောက်သလိုဖြစ်နေတာ။ ရွာမှာကငွေပေးထားတဲ့အိမ်တွေကိုပဲမီးပေးထားတယ်။ငွေမပေးတဲ့အိမ်ဆိုရင်ကိုယ်ပိုင်မီးစက်ရှိရင်တောင် အခွန်ကောက်မယ်ဆိုပြီး အုပ်ချုပ်ရေးအဖွဲ့တွေကလိုက်ခြိမ်းခြောက်နေတယ်”ဟု သူဌေးကုန်းကျေးရွာမှဒေသခံတောင်သူတစ်ဦးကဆိုသည်။

အဆိုပါကျေးလက်ဆိုလာ လျှပ်စစ်မီးလင်းရေးစီမံကိန်းအပေါ် စစ်ကောင်စီခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားဖြစ်သူအောင်ပြည့်စုံပိုင်ဆိုင်သည့် ZLT Super Electrical Co,Ltd မှ လုပ်ကိုင်ခွင့်ရထားကြောင်း သိရသည်။

#ကျိုက်လတ် #ကျေးရွာဆိုလာမီးလင်းရေး #စစ်ကောင်စီ #ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် #အောင်ပြည်စုံ#ZLT Super Electrical Co,Ltd
#Ayeyarwaddy_Times