နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်​ဆေး​ရေးဦးစီးဌာန(စသုံးလုံးရုံး)ကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)ထံမှ သိရသည်။

စစ်ကိုင်းမြို့နယ်၊ စိန်ကုန်းတိုးချဲ့ရပ်ကွက်ရှိ အဆိုပါစသုံးလုံးရုံးသည် ပြည်သူလူထုနှင့်တော်လှန်ရေးအဖွဲ့အစည်းများအား လိုက်လံစုံစမ်း ဖမ်းဆီးနေသောကြောင့် ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်၊ ည ၇ နာရီ ၄၀ မိနစ်ခန့်က လက်ပစ်ဗုံးနှစ်လုံးဖြင့် PAFD တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဆောက်အဦး ပျက်စီးသွားတာကိုတော့ မျက်မြင်တွေ့ရတယ်။ သူတို့တွေ ထိခိုက်လိမ့်မယ်လို့ ကျွန်တော်တို့ ထင်တယ်။ ဘာလို့ဆိုတော့ ကျွန်တော်တို့ ဆောင်ရွက်တဲ့အချိန်မှာ သူတို့ကားတွေတော်တော်များတယ်ဗျ။ ဘာလုပ်နေကြလဲတော့ ကျွန်တော်တို့လည်း မသိဘူး။ ထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်” ဟု PAFD တပ်ဖွဲ့ခေါင်းဆောင် ကိုတေဇက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စသုံးလုံးရုံးအဆောက်အဦး ထိခိုက်ပျက်စီးခဲ့ပြီး ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ချက်ချင်းပြင်ဆင်နေသည်ကို တွေ့ရကြောင်း မျက်မြင်ခရီးသွား ပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

“သူတို့က ပစ်ခတ်တာတွေ မရှိပေမယ့် တစ်ညလုံး ကင်းတွေပတ်နေကြတယ်။ ဒီနေ့ကလည်း ပြည်ထောင်စုနေ့ဆိုတော့ သူတို့ကျင်းပကြဖို့ ညကတည်းက ကင်းပုန်းတွေ တအားချထားတယ်။ အဲကြားထဲကနေ ဖြစ်သွားတယ်ဆိုတော့ သူတို့တော်တော် ဒေါပွနေပုံပေါက်တယ်” ဟု ကိုတေဇက ဆက်လက်ပြောသည်။

စစ်ကောင်စီ၏ ယန္တရားလည်ပတ်ရာ မြို့ဖြစ်သော စစ်ကိုင်းမြို့ရှိ ဌာနဆိုင်ရာများကို ယခုထက်ပိုမို တိုက်ခိုက်မှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သ၍ ကူညီပေးစေလိုကြောင်း PAFD တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

#စစ်ကိုင်းမြို့ #စသုံးလုံးရုံး #လက်ပစ်ဗုံး #တိုက်ခိုက် #Ayeyarwaddy_Times