
ဧရာဝတီတိုင်းမ်
(အုတ်ဖို)၊ ဖေဖော်ဝါရီ ၁၁ ရက်
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း မင်းလှဆည်ပေါ်တွင် တပ်စွဲထားသည့် ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်၊ နံနက် ၇နာရီဝန်းကျင်က တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ နှင့် တပ်ရင်း-၃၆၀၁ ၊ ဧရာ ညီနောင်စစ်ကြောင်းတို့က တပြိုင်နက် တိုက်ခိုက်၍ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
မင်းလှဆည်ပေါ်ရှိ စစ်ကောင်စီစခန်းနှစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် တိုက်ပွဲကြာချိန် ၁နာရီ၃၀မိနစ်အတွင်း ရှင်းလင်းဆောင်စခန်းကို ပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး တာဝါတိုင် စခန်းကိုမူ စခန်းသိမ်းပိုက်နိုင်ခြင်း မရှိသော်လည်း စစ်ကောင်စီတပ်သား သုံး ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ရှင်းလင်းဆောင်စခန်းမှ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်သား ၁၂ ဦးထဲတွင် အမျိုးသမီး တစ်ဦး ပါရှိပြီး ဆင်တဲ ကပစ-၃ မှ တပ်ဖွဲ့ဝင် ကိုး ဦး ၊ မင်းလှအခြေစိုက် ခလရ-၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် သုံး ဦး ပါရှိကြောင်း သိရသည်။
“ရှင်းလင်းဆောင်စခန်းကို စခန်းသိမ်းနိုင်ခဲ့ပြီး စခန်းတစ်ခုလုံးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ အလောင်း ၁၂ လောင်းရတယ်။ အလောင်းတွေကိုတော့ ဒီတိုင်းထားခဲ့လိုက်တယ်။ တာဝါတိုင်စခန်းက ကျွန်တော်တို့ စခန်းထဲထိမဝင်နိုင်ခဲ့တော့ သေဆုံးသူဘယ်လောက်ရှိ လဲမသိဘူး။ သုံးယောက်လဲကျ သေဆုံးသွားတာတော့မျက်မြင်ပေါ့နော်။ စခန်းထဲဝင်ဖို့ကို စစ်ကူက ၆၀ လောက်တက်လာနေတယ်လို့သတင်းရတော့ ချက်ခြင်းပြန်ဆုတ်ခဲ့ရတာ။ စခန်းနှစ်ခုလုံးက အသေအပျောက်များပြီး ကျည်ဆံတွေလည်း ကုန်နေချိန်မို့ လက်နက်ချ ဖို့ ကျွန်တော်တို့ရဲဘော်တွေက ပြောပေမယ့် သူတို့ကအဆုံးထိကိုပစ်ပြီး ထွက်ပြေးကြတာ” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီး က ဧရာဝတီတိုင်းမ် ကို ပြောသည်။
အရှင် ဖမ်းဆီးရမိခဲ့သည့် ဒုတပ်ကြပ်ဇင်အောင် ကိုယ်ပိုင်အမှတ် တ/ ၂၈၈၁၉၃ သည် ကပစ-၃ မှ ဖြစ်ပြီး ၎င်းမှာ တိုက်ပွဲအတွင်း ရရှိသည့် ဒဏ်ရာများဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမှာ PDF တပ်ရင်း ၃၆၀၁ ကရဲဘော် တောင်တန်း ကျဆုံးခဲ့ရတယ်။ အခု အရှင်ဖမ်းနိုင်တယ်ဆိုတဲ့ ဒုတပ်ကြပ်က ဒဏ်ရာတွေနဲ့ကျန်ခဲ့တာ။ အဲ့တာကို ရဲဘော် တောင်တန်းက အညံ့ခံဖို့ သွားခေါ်တာ အနီးကပ်ပစ်ခံလိုက်ရတယ်။ ရဲဘော် တောင်တန်းက တပ်ရင်းအတွက်အားကိုးရတယ်။ နယ်မြေကျွမ်းကျင်မှုရှိတယ်။ ရင်းနှီး ဖော်ရွေတဲ့သူတစ်ယောက်လည်းဖြစ်တော့ သူတို့တပ်ရင်းက တော်တော် စိတ်မကောင်း ဖြစ်နေကြတယ်” ဟု ရဲဘော်ဇော်ကြီးက ဆက်လက်ပြောသည်။
ယခုအခါ စစ်ကောင်စီသည် မင်းလှဆည်သို့ အင်အား ၈၀ ကျော်ဖြင့် ပြန်လည် စခန်းချ တပ်စွဲရန်ပြုလုပ်နေပြီး ပဲခူးရိုးမအတွင်းသို့လည်း အင်အားအများအပြားဖြင့် စစ်ကြောင်း ထိုးရန်ပြင်ဆင်နေသည့်အတွက် တိုက်ပွဲများအချိန်မရွေးဖြစ်ပွားနိုင်ကြောင်းသိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် ရိုးမအတွင်းသို့ ဝင်ရောက်ရာတွင် သတိထားကြရန်၊ စစ်ကောင်စီတပ်သားများနှင့် သွားလာခြင်းမပြုရန်၊ တော်လှန်ရေးတပ်ဖွဲ့များကိုလည်း တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီကြရန် သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂၊ တပ်ခွဲ-၅ က အသိပေးပြောကြားထားသည်။
ဓာတ်ပုံ – သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ- ၅
#မင်းလှဆည် #အုတ်ဖို #စစ်ကောင်စီစခန်းနှစ်ခု #စခန်းသိမ်းပိုက်နိုင် #မီးရှို့ဖျက်ဆီး #တော်လှန်ရေးတပ်ဖွဲ့ဝင်ကျဆုံး #Ayeyarwaddy_Times