ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၂ရက်

ရခိုင်ပြည်နယ်၊ မြို့တော်စစ်တွေနှင့် ကျောက်တော်မြို့ကိုချိတ်ဆက်ထားသည့် ကစ္ဆပနဒီတံတား၊ ပုဏ္ဏားကျွန်းနှင့်စစ်တွေချိတ်ဆက်ထားသည့် မင်းချောင်းတံတားတို့ကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခြင်းနှင့် မိုင်းခွဲခြင်းတို့လုပ်ဆောင်၍ ချိုးချ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက်နေ့ ည ၈နာရီ ၄၅မိနစ်ခန့်က ကျောက်တော်-စစ်တွေ ချိတ်ဆက်ထားသည့် ကစ္ဆပနဒီတံတားကို လေယာဉ်ဖြင့်ဗုံးကြဲ၍ ဖျက်ဆီးခဲ့သည်။

ထို့ပြင် စစ်တွေ ရန်ကုန်ကားလမ်း အမြင့်ကျွန်းအနီးရှိ မင်းချောင်းတံတားကိုလည်း ဖေဖော်ဝါရီ ၉ ရက်နေ့တွင်တစ်ကြိမ်၊ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်တစ်ကြိမ် မိုင်းခွဲ ဖျက်ဆီးခဲ့သည့်အတွက် တံတားကျိုးကျသွားပြီး အလုံးစုံပျက်စီးသွားကြောင်း သိရသည်။

“မင်းချောင်းတံတားကို ၁၁ ရက်နေ့ မနက်ကသွားကြည့်တော့ အတော်ပျက်စီးသွားပြီ။ သွားလို့တောင်မရတော့ဘူး။ အဲဒီနားမှာက စစ်တပ်ရဲ့ကင်းစခန်းတွေပဲ ရှိတာ။ ပုဏ္ဏားကျွန်း-စစ်တွေ-ရန်ကုန်ကို ကူးဖို့မလွယ် တော့ဘူး” ဟု စစ်တွေရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ကျောက်တော်နှင် စစ်တွေချိတ်ဆက်ထားသည့် ကစ္ဆပနဒီတံတားကိုလည်း ယမန်နေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ညပိုင်းတွင် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်သို့ ဗုံးလာကြဲသည့် စစ်ကောင်စီ၏ Y -12 လေယာဉ်က AA အလံများ စိုက်ထူထားသည့် တံတားဘက်ခြမ်းကို ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရက္ခိုင့်တပ်တော် (AA) သည် ပလက်၀-ကျောက်တော်-မင်းပြား၊ ပလက်၀-ကျောက်တော်-မြောက်ဦး ဆက်သွယ် ထားသည့် ရေလမ်းကြောင်းများကို လိုအပ်သလိုချုပ် ကိုင်ထားနိုင်ပြီး ယခုကုန်းလမ်းကြောင်းအဖြစ် ကျောက်တော်-စစ်တွေနှင့် ပုဏ္ဏားကျွန်း-စစ်တွေတို့ကိုပါ ထိန်းချုပ်လာသည့်အတွက် ယခုကဲ့သို့ စစ်တွေသို့ ဆက်သွယ်ထားသည့် တံတားနှစ်စင်းလုံးကို စစ်ကောင်စီက ချိုးချဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီအနေဖြင့် ယခုတွင် ရေကျချိန်ဖြစ်လာ၍ မြစ်အတွင်း သွားရောက်တိုက်ခိုက်မည့် ရေယာဉ်များ အနေဖြင့် ရေတက်ချိန်၊ ရေကျချိန်ကန့်သတ်ချက်ရှိနေသောကြောင့် ရေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ရန် ခက်ခဲလာသည့်အတွက် စိုးရိမ်စိတ်စိတ်ဝင်ကာ တံတားများကို ယခုကဲ့သို့ ဖျက်ဆီးခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“တံတားတွေကို ထိန်းချုပ်မထားနိုင်လို့ ရေကြောင်းက လာဖို့ဆိုတာလည်းမလွယ်ဘူး။ ရေကျချိန်ရောက်ရင် ကမ်းထိုးရေယာဉ်တွေကလည်း အလုပ်မလုပ်နိုင်တော့ ဘူး။ ကမ်းနဲ့အနီးဆုံးရပ်ရင်တောင် ပေ ၂၀၀ လောက်ကနေ ကမ်းပေါ်တက်ရတာ။ အဲဒီပေ ၂၀၀ ကလည်း မြေမာမဟုတ်ဘူး။ ရေယာဉ်ပေါ်ကဆင်းရင် ဇွက်ဆို ရင်ခေါင်းထိ နွံထဲမြုပ်သွားတဲ့နေရာတွေ။ AA ကလှမ်း ပစ်လိုက်ရင် တစ်ခါထဲသင်္ဂြိုဟ်ပြီးသားပဲ။ ရေတက် တော့မှ အလောင်းပြန်ပေါ်မှာ။ အဲဒီတော့ တံတားချိုး တာ သူတို့အတွက်အလွယ်ဆုံးအလုပ်လို့ စစ်ကောင်စီ က သတ်မှတ်ထားပုံရတယ်”ဟု တပ်တွင်းသတင်းရင်း မြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုဆိုလျှင် AA က ရသေ့တောင်မေယုအနောက်ကမ်းရှိ ကိုးတန်ကောက်စခန်းကိုသိမ်းပိုက်ခဲ့ပြီး စစ်တွေနှင့် ရေမိုင် ၁၀ မိုင်ခန့်သာကွာဝေးသည့် အငူ မော်ဘက်ကိုပါ စစ်ရေးစတင်နေကာ စစ်တွေနှင့် ရေ မိုင် ၁၅ မိုင်သာကွာသည့် ပေါက်တောကိုလည်း သိမ်း ပိုက်ထားသည့်အတွက် စစ်တွေကို စစ်ရေးချဉ်းကပ် မလာနိုင်စေရန် စစ်ကောင်စီက အပြင်းအထန်ခုခံကာကွယ်လျက်ရှိသည်။

စစ်ကောင်စီက ဖျက်ဆီးပစ်ခဲ့သော ကစ္ဆပနဒီတံတား နှင့် မင်းချောင်း တံတား နှစ်စင်းလုံးသည် စစ်တွေ-ရန်ကုန် အဝေးပြေးလမ်းမများ ကို ဆက်သွယ်ပေးထားသည့်အတွက် စီးပွားရေးအရရော၊ စစ်ရေးအရပါ အရေးပါသည့် တံတားများဖြစ်သည်။

ပုံစာ-စစ်​ကောင်စီက ဖျက်ဆီးလိုက်သည့် ကစ္ဆပနဒီတံတားနှင့် မင်း​ချောင်းတံတား
#ရခိုင် #စစ်တွေ #ကျောက်တော် #မင်းချောင်းတံတား #ကစ္ဆပနဒီတံတား #စစ်ကောင်စီဖျက်ဆီး #Ayeyarwaddy_Times