ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်

စစ်တပ်ထောက်ခံသူ ဦးဌေးအောင်ပိုင်ဆိုင်သည့် Orchid Hotel ကို တရား ရှုံး၍ ကြမ်းခင်းဈေး ကျပ်သန်း (၆၅၀၀) ဖြင့် မတ်လ ၁၄ ရက်နေ့၌ အဆိုပါဟိုတယ်ရှေ့တွင် လေလံတင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ကြေညာထားသည်။

ရန်ကုန်တိုင်း၊ ပုစွန်တောင်မြို့နယ်၊ အနော်ရထာလမ်း၊ အမှတ် (၉၁) ၊ Orchid Hotel မြေဧက ဧရိယာ သုည ဒသမ ၁၆၁ ဧက (၆၆၁၆ စတုရန်းပေ) မြေနှင့်အဆောက် အအုံ၏ အကျိုးခံစားခွင့်အားလုံးပါဝင်ကြောင်း ဗိုလ်တစ်ထောင်ခရိုင်တရားရုံးက အမိန့်ထုတ်ပြန်သည်။

ထိုသို့ လေလံတင်ရာတွင် ဈေးနှုန်းအမြင့်ဆုံးပေးဝယ်ယူသူကို လေလံဆွဲဝယ်ယူသူအဖြစ်သတ်မှတ်မည်ဖြစ်ပြီး ‌ရောင်းချသည့်ပစ္စည်းနှင့်ဈေးနှုန်းမကိုက်ညီပါက လက်ခံရန်မသင့်ကြောင်း ပယ်ချမည်ဟုကြေညာချက်တွင် ပါဝင်သည်။

ယင်းပြင်လေလံတင်ရောင်းချပြီး မရွှေ့မပြောင်းနိုင်သော ပစ္စည်းများအတွက် လေလံဆွဲဝယ်ယူသူက ငွေကျပ် ၁၀၀ လျှင် ၂၅ ကျပ်ကို လေလံဝယ်ယူပြီးသည်နှင့် တပြိုင်နက် နေ့ချင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။

တရားရုံးက တရားရှုံးသူ၏ အကျိုးခံစားခွင့်များကိုရောင်းချခြင်းဖြစ်ပြီး မှားယွင်းမှု၊ကြွင်းကျန်မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက တရားရုံးနှင့်မသက်ဆိုင်ကြောင်း ဆိုထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်တပ်ထောင်ခံ #ဦးဌေးအောင် #orchidhotel #လေလံတင်မည် #Ayeyarwaddy_Times