
ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ရက်
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ကို စစ်ကောင်စီက အင်အား ၁၀၀၀ နီးပါးသုံး၍ ထိုးစစ်ဆင် တိုက်ခိုက်လာသည်မှာယနေ့ ဖေဖော်ဝါရီ ၁၁ ရက်တွင် တိုက်ပွဲဖြစ်ပွားသည်မှာ ၉ ရက်မြောက် ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ပင် ရှိကြောင်းသိရသည်။
စစ်ကောင်စီက ကောလင်းမြို့ကို တရှိန်ထိုး ထိုးစစ်ဆင်လာပြီး အင်အား လျော့နည်း ချိန်တွင် နောက်ပြန်ဆုတ်၊ စစ်ကူယူ တပ်အင်အားဖြည့်တင်း၍ ပြန်လည် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အပြင် လေကြောင်းပစ်ကူလည်း အဆက်မပြတ်ယူကာ ကောလင်း မြို့၏ နေရာအချို့တွင် တပ်စွဲစပြုလာနေကြောင်း ကောလင်းကာကွယ်ရေး တပ်ဖွဲ့များနှင့် နီးစပ် သူထံက သိရသည်။
“အခုအနေအထားက စစ်ကောင်စီက အားပြိုင်ပြီး ထိပ်တိုက်ဝင်တိုက်လိုက်၊ အင်အား နည်းသွားရင်လက်နက်အကူ စစ်ကူသွားဖြည့်လိုက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ အားနည်း အောင် စစ်လက်နက်လျော့နည်းအောင် လုပ်နေတဲ့သဘောပါ။ ကျွန်တော်တို့ ဘက်ကလည်း မြို့မကျရေး အကောင်းဆုံးအလုပ်လုပ်နေပါတယ်။ သူတို့(စစ်ကောင်စီ) ဘက်ကလည်း တပ်ပြန်ဆုတ်တဲ့နေရာမှာ တပ်စွဲပြီး မီးရှို့တာတွေလုပ်ဆောင်နေပါတယ်” ဟု ကောလင်းဒသခံ ထောက်ပို့တပ်သားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၀ရက်တွင် ကောလင်းမြို့မြောက်ခြမ်းမှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လိုက်လံတိုက်ခိုက် ရာတွင် ကောလင်းမြို့ ကျွန်းလှခုံရွာ အနောက်ဘက်သို့ဆုတ်ခွာ တပ်စွဲထားပြီး ကျွန်းလှခုံရွာကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်းသိရသည်။
“ညကတည်းက ရွာကိုမီးရှို့တယ်။ ဒီနေ့မနက်ထိရှို့နေတယ်ဆိုတော့ ကျွန်းလှခုံ အရှေ့ထိကူးလာမလားမသိဘူး။ ဖုန်းဆက်တဲ့အချိန်ကတော့ အနောက်ခြမ်းကနေ့ အရှေ့ကို စစ်ရှောင်တွေကူးလာပြီပြောတယ်။ အဲဒီ့အချိန်ထိတော့ ကျွန်းလှခုံအရှေ့ရွာက အိမ်တွေ မီးမကူးသေးဘူး” ဟု ကျွန်းလှခုံရွာမှ စစ်ရှောင်လာသူ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၃နာရီ ၄၀မိနစ်ခန့်က ကောလင်းသီပေါရွာမှ ပေကုန်းသို့ တက်လာပြီး အောင်ချမ်းသာရွာသို့ ပစ်ခတ်ဝင်ရောက် လာကာ ညနေ ၄နာရီတွင် သီပေါရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၈၀ ခန့်က အောင်ချမ်းသာတွင် ပူးပေါင်းပြီး အောင်ချမ်းသာမှတဆင့် နတ်တောင်သို့ ဆက်ကူးသွားကြောင်း Kawlin Revolution ထံက သိရသည်။
တိုင်းရင်းသားနယ်မြေများတွင် စစ်ဦးကျိုးသွားပြီဖြစ်သည့် စစ်ကောင်စီသည် ၎င်းတို့၏ ဂုဏ်သိက္ခာအရ ကောလင်းမြို့ကို အမိအရ ပြန်လည်သိမ်းယူလိုနေပြီး အင်အားအလုံး အရင်းသုံးကာ တိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် စစ်ကူဖြည့်ရန်အတွက် ကန့်ဘလူတင့်ကားတပ်ရင်း-၆၀၀၆ ထဲတွင် စစ်ကူရဟတ်ယာဉ်များ အသင့်ရပ်၍ ပျူစောထီးအဖွဲ့များနှင့် စစ်ကောင်စီ တပ်မ တပ်ရင်းပေါင်းစုံကို အဆင်သင့်ပြင်ထားကာ စစ်ကူတောက်လျောက်ဖြည့်နေကြောင်း ကန့်ဘလူတော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။
ပုံစာ- ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ကောလင်းမြို့ အခြေအနေ
#ကောလင်း #စစ်ကောင်စီတပ် #မြို့တွင်းဝင်ရောက် #စစ်ရေးတင်းမာ #တော်လှန်ရေးတပ် #အင်အားပြိုင် #Ayeyarwaddy-Times