ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ရက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဆင်ဘိုမြို့အနီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၁၄၁ ကို ယမန်နေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် KIA က အပြင်းအထန် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ပြီး မြို့တွင်းရှိ စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာများကို ထိန်းချုပ်လိုက်နိုင်ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ဆင်ဘိုမြို့တွင်းရှိ ဆင်ဘိုမြို့မရဲစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး မြို့ကို အလုံးစုံထိန်းချုပ်လိုက်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“မြို့ပိုင်းဆိုင်ရာကို သိမ်းလိုက်တာမှန်ပါတယ်။ စစ်ပိုင်းဆိုင်ရာကတော့ တိုက်နေတုန်းပါပဲ။ ရဲစခန်းနဲ့ဌာနဆိုင်ရာတွေ သိမ်းလိုက်တာမှန်ပါတယ်” ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

KIAက မြို့ကိုထိန်းချုပ်ပြီး ဆင်ဘိုမြို့နှင့် ၃ မိုင်ခန့်အကွာတွင်ရှိသော ခလရ-၁၄၁ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ တပ်မဟာ(၈) လက်အောက်ခံ တပ်ရင်း-၅ က ဆက်လက်တိုက်ခိုက်လျက်ရှိပြီး စစ်​ကောင်စီက ​လေ​ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တပ်ပိုင်းဆိုင်ရာကတော့ ခလရ-၁၄၁ ကို တိုက်ပွဲဝင်နေတုန်းပါ။ မြေပြင်အခြေအနေကိုတော့ အသိပေးလို့မရနိုင်သေးပါဘူး”ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

ဆင်ဘိုမြို့သည် ၂၀၀၂ ခုနှစ်တွင်မှ မြို့အဖြစ်သတ်မှတ်ခံခဲ့ရခြင်းဖြစ်ပြီး လူဦးရေ တစ်သောင်း(၁၀,၀၀၀) ကျော် နေထိုင်လျက်ရှိကာ ဒေသခံအများစုမှာ စစ်ဘေးရှောင်လျက်ရှိကြောင်းသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA ) သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နန့်တိန်းစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဇန်နဝါရီနောက်ဆုံးပတ်ကလည်း မံစီမြို့နယ်ရှိ မန့်ဝိန်းကြီးစခန်းကို သိမ်းပိုက်ခဲ့သည်။

#မြစ်ကြီးနားမြို့နယ် #ဆင်ဘိုမြို့ #KIA #သိမ်းပိုက် #စစ်ကောင်စီ #ခလရ၁၄၁ #Ayeyarwaddy_Times