ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၁ ရက်
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ့ စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဖြစ်ကြောင်းကို ယမန်နေ့ ဖေဖော်ဝါရီ ၁၀ရက်နေညပိုင်းမှ စတင်ကာ အတည်ပြုချက် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဥပဒေသည် အမျိုးသားအနေနှင့် အသက် ၁၈ နှစ်မှ ၃၅နှစ်အတွင်း၊ အမျိုးသမီး ဖြစ်ပါက အသက် ၁၈ မှစ်မှ ၂၇ နှစ်အတွင်းဖြစ်ပြီး ကျန်းမာရေး မကောင်းသူမှလွဲပြီး မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်သည်။
စစ်ကောင်စီက နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မည်ဟု ကြေညာခဲ့သည်နှင့် ပတ်သက်၍ လူငယ်များ၏ အမြင် ဆန္ဒနှင့် သဘောထားကို ဧရာ၀တီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
🟥မနှင်းကြည် (CDM ဒေါက်တာဘွဲ့ရ ကထိက)
ကချင်ပြည်နယ်၊ ဖားကန့်မြို့
“မြို့ပေါ်ကလူတွေတောင် ဒီကိစ္စကို နောက်ပြောင် နေကြပေမယ့် တကယ် ထိတ်လန့် နေကြတယ်။ ကျွန်မတို့လို စစ်ရေးပြင်းထန်ပြီး လက်နက်ကိုင်အဖွဲ့စုံရှိတဲ့နေရာက လူတွေက ရှောင်လွှဲဖို့ပိုခက်မယ်။ ဘယ်အဖွဲ့က ဖမ်းဖမ်း၊ ကျွန်မတို့အသက်တွေဆို စစ်မှု ထမ်းဖို့၀င် နေသေးတယ်။ ပညာအရည်အချင်းရော အလုပ်အကိုင်အရရောဆိုရင် ရှောင်ဖို့အတော်ခက်မယ်။ စစ်ကောင်စီရဲ့လုပ်ရပ်က ဘာနဲ့တူလဲဆိုရင် အချင်းချင်း ရန်တိုက်ပေးပြီး တစ်နိုင်ငံလုံးကလူတွေကို သူ့စစ်သား လုပ်စေချင်ပုံပဲ။ ကျွန်မကတော့ လူသားလှိုင်းဖန်တီးပြီး စစ်တပ်ကလူတွေရှေ့ကနေ ဒိုင်းလိုကာပေးဖို့ ထုတ်တဲ့ဥပဒေလို့ ယူဆတယ်”
🟥ဗိုလ်ကြီးညီသုတ(CDM တပ်မတော်သား)
“စစ်မှုမထမ်းမနေရ ဥပဒေထုတ်ရတယ်ဆိုတာ စစ်တပ်အတွက် နောက်ဆုံးပဲ ဖြစ်သွားပြီ။ (ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်) သူ့တပ်မှာ သူ့အတွက် ထမ်းပေးမယ့် စစ်သားမရှိတော့ဘူး။ သူ့စစ်သားတွေ ခိုင်းလို့မရတော့ဘူးဆိုတဲ့ သဘောပဲဗျ။ နောက် လူသစ်ထပ်စုလို့ မရတော့ ဒါဟာ အတင်းအကျပ်ပေါ့ဗျာနော်။ တပ်သားသစ် စုဆောင်းမှု တစ်ခုပါပဲ။ ဒီလိုမျိုး ဥပဒေနဲ့ အတင်းအကျပ် တပ်သားသစ် စုမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲဆိုရင် စစ်တပ်ကို ဆန့်ကျင်တဲ့သူတွေ ပိုတိုးလာဖို့ပဲ ရှိတယ်။ စစ်တပ် ပိုပြီးတော့မှ ပြိုကွဲသွားဖို့ပဲရှိတယ်။ ဘာကြောင့်လည်းဆိုတော့ နဂိုရှိပြီးသား စစ်သားတွေ၊ အရာရှိတွေတောင်မှ CDM လုပ်တဲ့သူတွေ လုပ်တယ်။ ဘက်ပြောင်းကြတယ်။ အညံ့ခံကြတယ်။ စစ်တပ်ကို စွန့်ခွာနေတဲ့အချိန်မှာ ဒီလိုမျိုး အတင်းအဓမ္မ အမိန်နဲ့ စုထားတဲ့သူတွေဟာ စစ်တပ်အတွက် အလုပ်လုပ်ပေးပါ့မလား။ ဒါကို ဒီစစ်တပ်မှာ ရှိနေတဲ့သူတွေ စဉ်းစားသင့်တယ်။ ဒါဟာ စစ်တပ်ပြိုကွဲဖို့အတွက် လမ်းစပဲလို့ ကျွန်တော်မြင်တယ်”
🟥ရဲဘော်အလတ်ကောင်
ပြည်သူ့ကာကွယ်ရေးတပ်မတော်
“စကစ(စစ်ကောင်စီ) အခုလိုထုတ်ပြန်လာတာက ဒီကောင်တွေမှာ အင်အား မရှိတော့ဘူး လေ။ ဒီကောင်တွေက အခု ပြည်သူတွေကို လူသားဒိုင်းလုပ်မှာ။ အခုလိုစာထုတ် တယ်ဆိုတာက လူကြားကောင်းအောင် ဘန်းပြထုတ်တာ။ ပြည်သူတွေကို ဖမ်းဆီးတာ၊ ပေါ်တာဆွဲတာကို လုပ်ချင်လို့ တရား၀င်စာထုတ်လိုက်တယ်လို့ မြင်ပါတယ်”
🟥ကိုလင်း(အမည်လွှဲ) (အသက် ၃၀ နှစ်)
ရန်ကုန်မြို့တွင်နေထိုင်သူ
“ခေတ်ကောင်းတဲ့ အချိန်မှာဆို ဒါက ပြဿနာမဟုတ်ဘူး။ ခုခေတ်ပျက် စနစ်ပျက်မှာ စစ်မှုထမ်းရမယ်ဆိုတော့ ခုဖြစ်နေတဲ့ တိုက်ပွဲတွေမှာ သူတို့(စစ်ကောင်စီ) အထိနာ နေမှန်းသိသာတယ်။ သူတို့မနိုင်တော့ ပြည်သူအချင်းချင်းလှည့်တိုက်တဲ့ ပုံစံလို ဖြစ်နေတယ် အရင်က ပေါ်တာဆွဲတာကို အခုတရားဝင် ပေါ်တာ ဆွဲလို့ရသလို ဖြစ်သွားတယ် တစ်ခုခုဖမ်းပြီဆိုရင် စစ်မှုထမ်းခိုင်းမလို့ ဖမ်းတာဆိုပြီး ဒီဥပဒေနဲ့ ကိုင်ပေါက်လို့ရပြီ။ နောက်အသက် လိမ်တဲ့သူတွေများလာမယ်။ လတ်မှတ်အတု လုပ်ပေးတဲ့ သူတွေပေါလာမယ်။ အခုအခြေအနေအရဆိုရင် ဘယ်သူမှ စစ်မှုမထမ်း ချင်ဘူး”
🟥သူရဘွဲ့ရ တပ်ကြပ်ဇွဲမာန် (CDM တပ်မတော်သား)
“ဒီဟာကိုကြည့်ခြင်းအားဖြင့် မင်းအောင်လှိုင်က သူ့တပ်မှာ ဖွဲ့စည်းပုံပျက်ပြီး ကာကွယ်နိုင် စွမ်းမရှိတော့တာကို ၀န်ခံတဲ့သဘောရောက်တယ်။ နောက်တစ်ခုက မတရားသော အာဏာ၊ အမိန့်တွေနဲ့ နိုင်ငံသားတွေကို အနိုင်ကျင့်တာလည်းဖြစ်တယ်။ ပြည်သူတွေက ခုချိန်မှာ စစ်တပ်ထဲ၀င်ရင် သေရမယ်ဆိုတာမျိုးပဲ နားလည်လက်ခံထားကြတယ်။ တော်လှန်ရေး သုံးနှစ်ကာလကြာလာတဲ့အချိန်မှာ အသားကျနေတဲ့ ပြည်သူတွေကို ထွက်ပေါက်ပိတ်ပြီး မဖြစ်မနေ စစ်တပ်ထဲ၀င်မလား ၊ တော်လှန်မလားဆိုတာမျိုး ရွေးချယ်ခိုင်းတာဟာ မအလ(ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) အနေနဲ့ ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်ဖို့ ကိုယ်တိုင် ကြိုးချည် တဲ့လုပ်ရပ်လို့ မြင်ပါတယ်”
🟥ကိုပြည့်အောင်နိုင်
ကနီမြို့နယ် စစ်ရှောင်များကိုကူညီနေသူ
“နေ့တိုင်း ကျဆုံးပြိုလဲနေတဲ့ စစ်တပ်ဟာ အင်အားနည်းလာပြီး အရေးတကြီး လုပ်ရတဲ့ စစ်အင်အားစုဆောင်းရေး ကိစ္စဟာလည်း နေဝင်တော့မယ်။ စကစ(စစ်ကောင်စီ) တပ်ရဲ့ နောက်ဆုံး ကူကယ်ရာ လက်နက်ပဲဖြစ်တယ်။ ငါတို့အသေများနေလို့ သေဖော်သေဖက် လာပေးကြပါ။ ကူးတို့ခ ကူကြပါဦးလို့ ပြောလိုက်တာနဲ့ အတူတူပဲ။ ဒါပေမယ့် အကြမ်းဖက်မှုတွေ ကမ္ဘာသိလုပ်နေတဲ့ တပ်ကိုပြည်သူတွေက နောက်ဘုရားပွင့်တောင် ကယ်မှာ ကူမှာ မဟုတ်တော့ပါဘူး။ တကယ်သာ ပြည်သူတွေက စကစ တပ်ကို ချစ်ရင် ပြည်သူစစ်မှုထမ်းဥပဒေ ကို လုပ်စရာမလိုပါဘူး။ အကုန် စကစ တပ်ထဲ ဝင်ကြမှာပါ့။ အခုလို လုပ်နေရတာကိုက ပြည်သူတွေ ချစ်လား မုန်းလား ဆိုတဲ့ အဖြေက ရှင်းနေတာပဲ။
ဒါပေမယ့် ကျွန်တော်တို့သတိပြုရမှာက ကယောင်ကတမ်းဖြစ်ပြီး စိတ်ဓာတ်ပြိုလဲ နေတဲ့တပ်ဟာ စစ်အင်အားရရှိရေး ဒို့အရေးလုပ်လိုက်တာဟာ လူ့အခွင့်အရေးတွေ ချိုးဖောက်မှုတွေနဲ့ ထပ်ပြီးများစွာလုပ်လာနိုင်တဲ့ မကောင်းတဲ့ လက္ခဏာပဲဖြစ်တယ်။ နောက်ဆုံး ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ လူငယ်လူငယ်တွေ မရှိတော့ဘဲလူ့ စွမ်းအား အရင်းအမြစ် ဆုံးရှုံးတဲ့ တိုက်ပွဲပါ ဖြစ်လာနိုင်တယ်။ ဘယ်လိုပဲလုပ်လုပ် စကစအတွက် အရှုံးသံသရာလည်ပြီး ပြည်သူ့ထောက်ခံမှုထပ်မံကင်းပြီး သူတို့အချင်းချင်းကြားမှာပဲ ပြဿနာများစွာရှိ လာစေမယ့် ဥပဒေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ ဖြစ်တယ်”
🟥မနှင်း (အသက် ၂၅ နှစ်)
ရန်ကုန်မြို့တွင်နေထိုင်သူ
စစ်ကောင်စီကထုတ်လိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို ဟာသလိုလုပ်နေကြပေမယ့် တကယ်က မလွယ်ဘူး။ အခုတောင် စစ်ဆေးရေးဂိတ်တွေမှာ အကြောင်းမယ်မယ်ရရ မရှိဘဲဖမ်းနေတာ။ ဒီဥပေဒနဲ့ဆို ဖမ်းပြီးလို့အကြောင်းမခိုင်လုံလဲ အသက်က ဘောင်၀င် နေတာတို့၊ အလုပ်အကိုင်အရ အရေးပါနေတာတို့ဆိုပြီး တရား၀င်ဖမ်းဆီးခွင့် ရသွား နိုင်တယ်။ သူတို့က လုပ်လိုက်ရင်ဥပဒေဘောင်အတွင်းကပဲဆိုပြီး ဥပဒေအတွင်းနေနေ မနေနေ ဘောင်ထဲဆွဲထည့်မှာလေ။ အဲဒီတော့ ကိုယ့်ဘက်ကအဖွဲ့တွေ အုပ်ချုပ်ရေး ပိုင်းတွေကလည်း စီစဉ်သင့်တာတွေကို ကြိုတင်စီစဉ် ထားဖို့လိုမယ်လို့ ကျွန်မတော့ ထင်တယ်။
#လူငယ်တွေပြောတဲ့ #စစ်ကောင်စီ #စစ်မှုထမ်းဥပဒေ #VoxPop #Ayeyarwaddy_Times