ဧရာဝတီတိုင်းမ်
(တီးတိန်)၊နိုဝင်ဘာ ၂၈ ရက်

 

ချင်းပြည်နယ်၊ တီးတိန်မြို့အဝင်အနီး တိုက်ပွဲတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံရပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) က ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

တီးတိန်မြို့အဝင်အနီးတွင် ခလရ-၂၆၉ တပ်ရင်းမှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို ချင်းညီနောင် (CB) အဖွဲ့မှ ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်နေ့၊ မနက် ၈ နာရီဝန်းကျင်အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“မနက်ပိုင်းမှာ ၄ နာရီလောက်ကြာ တိုက်ပွဲဖြစ်တယ်။ တီးတိန်မြို့ထဲ ခလရ ၂၆၉ တပ်ရင်းကနေလည်း တိုက်ပွဲဖြစ်တဲ့နေရာကို လက်နက်ကြီးကျည်တွေ ပစ်ခတ်ပေးတယ်။ တိုက်ပွဲဖြစ်ပြီး စစ်သားတွေ တီးတိန်မြို့ အဝင်အထွက်ကို ယာယီ ပိတ်ထားတယ်”ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် တီးတိန်မြို့အဝင်အနီး စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာကို ချင်းညီနောင် (CB) အဖွဲ့ မှ သိမ်းပိုက်ရရှိကာ ယနေ့နံနက်တွင် မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်းမရှိတော့ကြောင်း သိရသည်။

 

“တိုက်ပွဲဖြစ်တဲ့နေရာကနေ စစ်သားတွေက မြို့ထဲ ခလရ ၂၆၉ တပ်ရင်းဘက်ကို ပြန်ဆုတ်သွားတယ်။ ဒီနေ့မနက်မှာ တိုက်ပွဲမရှိတော့ဘူး။ မြို့ထဲမှာလည်း ပုံမှန်အခြေအနေအတိုင်း သွားလာနေကြပါပြီ”ဟု တီးတိန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တီးတိန်မြို့၏ အဝင်အထွက်ကို စစ်ကော်မရှင်က ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး မြို့အဝင်ဂိတ်ကို ချင်းညီနောင်(CB) အဖွဲ့က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း PDF – Zoland က ထုတ်ပြန်ချက်တွင် ဖော်ပြထား ချင်းညီနောင် (CB) မှ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။

 

ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်ကလည်း တီိးတိနျမွို့နယျ၊ ဇောင်ကောင်၊ ဘားလုံနှင့် New Sung Pi ရွာတို့ကို စစ်ကော်မရှင်တပ်မှ Y – 12 ဖြင့် လေကြောင်းတိုက်ခိုက်သလို ကလေးမြို့မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း CDF CDM Syin တာဝန်ရှိသူထံမှ သိရသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း)