ဧရာဝတီတိုင်းမ်
(နတ်တလင်း)၊ နိုဝင်ဘာ ၂၈ ရက်
ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ဒမငယ်ရွာရှိ ဒမငယ်ရဲစခန်းကို ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်၊ ည ကိုးနာရီဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ကြောင်း သိရသည်။
ဒမငယ်ရဲစခန်းရှိ စစ်ကော်မရှင်လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအဖွဲ့ဝင်အင်အား ၃၀ခန့်မှာ အကုန်ထွက်ပြေးသွားပြီးနောက် မင်းဘူးကျွန်းပျူရွာထဲသို့ဝင်ရောက်ကြောင်း သိရသည်။

“ကစဉ့်ကလျားနဲ့ထွက်ပြေးကုန်ကြတာ။ ဘာမှလည်းမရလိုက်ဘူး။ လက်ရှိရန်သူလဲငြိမ်နေတယ်။ ထိခိုက်သေဆုံးမရှိသလောက်ပါပဲ အကုန်ထွက်ပြေးကုန်တော့လေ။ ရဲစခန်းကိုပဲ မီးရှို့ခဲ့လိုက်တယ်” ဟု ပဲခူးတိုင်းစစ်ဌာန တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒမငယ်ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ယနေ့နိုဝင်ဘာ ၂၈ ရက်နေ့တွင်လည်း စစ်ကော်မရှင်လက်အောက်ခံရုံးများ ထပ်မံတိုက်ခိုက်ခံရမည့် သတင်းများထွက်ပေါ်လာကာ အစိုးရရုံးများပိတ်ခြင်း၊ ကျောင်းများပိတ်ကာ ကျောင်းသား၊ ကျောင်းသူများကို မိဘများက အိမ်ပြန်ခေါ်ခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။
ဒမငယ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂)ကွပ်ကဲမှုအောက်ရှိ အမှတ်-၃၈၀၁ တပ်ရင်း၊ တပ်ခွဲ-၂၊ ၄၊ ၆၊ ၇ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန