ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ် သက္ကယ်ပြင်ကျေးရွာနေ အမျိုးသား တစ်ဦးကို စစ်ကောင်စီက တော်လှန်ရေးအဖွဲ့အား ထောက်ပံ့သည်ဟုအကြောင်းပြဖမ်းဆီး၍ အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ဒေသခံများထံက သိရသည်။

ဟင်္သာတမြို့၊ သက္ကယ်ကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ရက်ညဦးပိုင်းက အသက်၂၇နှစ် အရွယ် လူငယ်အမျိုးသားတစ်ဦးကို ခလရ(၁၈)မှ အင်အား ၁၅ ဦးထက်မနည်းဖြင့်နေအိမ်သို့လာရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်နဲ့ရဲတွေ အိမ်ကိုလာဝိုင်းပြီးတော့ PDFတွေကို ထောက်ပို့လုပ်တယ်ဆိုပြီးတော့ ဖမ်းခေါ်သွားတယ်။ရဲစခန်းမှာအချုပ်ခံထားရတယ်လို့ပဲကြားတယ်”ဟု ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါလူငယ်ကို စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက် ဟင်္သာတမြို့နယ်အမှတ်(၂)ရဲစခန်း၌ စစ်ကြောရေးပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ဃ)ဖြင့် အမှုဖွင့်ထားကြောင်း ရဲသတင်းရင်းမြစ်ထံက သိရသည်။

အလားတူ ဟင်္သာတမြို့နယ်တွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၅ရက်နေ့က အမှတ် (၁) ရပ်ကွက်၊အမှတ် (၄) ရပ်ကွက်နှင့် အမှတ် (၆)ရပ်ကွက်တို့မှ အသက် ၂၅ နှစ်မှအသက် ၃၀ နှစ်အရွယ် ဝန်းကျင်ရှိ အမျိုးသား ၁၀ဦးနှင့် အမျိုးသမီး ငါးဦး ၊ စုစုပေါင်း ၁၅ ဦး ကို တော်လှန်ရေးအတွက် ထောက်ပံ့သည်ဟုအကြောင်းပြကာ ဖမ်းဆီး၍ အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည) ဖြင့်အမှုဖွင့်ခဲ့သည်။

#ဟင်္သာတမြို့နယ် #သက္ကယ်ပြင်ကျေးရွာ #အကြမ်းဖက်ပုဒ်မ၅၀ည #အမှုဖွင့် #Ayeyarwaddy_Times