ဧရာဝတီတိုင်းမ်
(ချင်း)၊ ဖေဖော်ဝါရီ ၁၁ ရက်
ချင်းပြည်၊ ချင်းလဲန်းကောင်စီ ဒုတိယအကြိမ်အစည်းအဝေးကို ယခင် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်က ချင်းလုံမြို့တွင်ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးတွင် ချင်းပြည်၊ ချင်းလဲန်းအစိုးရအဖွဲ့၊ ချင်းပြည်၊ ချင်းလဲန်းလွှတ်တော်နှင့် ချင်းပြည်၊ ချင်းလဲန်းတရားလွှတ်တော်ချုပ်ဟူသော မဏ္ဍိုင်သုံးရပ်ကို ဖွဲ့စည်းထူထောင်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်သည် ချင်းပြည်၊ ချင်းလဲန်းအစိုးရက ထုတ်ပြန်သော ရက် ၁၀၀ စီမံကိန်းထဲတွင် ပါဝင်ပြီး ချင်းပြည်၊ ချင်းလဲန်းအစိုးရအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာထောက်ထားရေး ကဏ္ဍများကို ပထမဦးစားပေးလုပ်ဆောင်သွားမည်ဟု သိရသည်။
“ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီးတော့ ချင်းပြည်၊ ချင်းလဲန်းအစိုးရအဖွဲ့က အဓိကမဏ္ဍိုင်ထဲမှာ ပါလိမ့်မယ်။ အဲ့ဒီထဲမှာမှ ကျွန်တော်တို့ဝန်ကြီးဌာနတွေ ဖွဲ့စည်းထားတာရှိတယ်။ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေး ဝန်ကြီးဌာနကနေပြီးမှ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကာလမှာ နစ်နာဆုံးရှုံးခဲ့ကြတဲ့ ချင်းပြည်သူလူထုတွေရဲ့ ဒီအရာတွေကို ပြန်လည်ကုစားနိုင်ဖို့အတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို အားသွန်ခွန်စိုက်နဲ့ လုပ်ဆောင်သွားဖို့ ရှိမယ်” ဟု ချင်းလဲန်းကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
တော်လှန်ရေးကာလတွင် နစ်နာဆုံးရှုံးသွားသော ချင်းပြည်သူလူထုများ၏ ကိစ္စအရပ်ရပ်များကို ချင်းပြည်၊ ချင်းလဲန်းအစိုးရအနေဖြင့် ပြန်လည်ကုစားနိုင်ရန်အတွက် ပြည်သူလူထုနှင့် ပူးပေါင်း၍ အတတ်နိုင်ဆုံး ဆောင်ရွက်သွားမည်ဖြစ်သည်။
ချင်းပြည်နယ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် ပြည်တွင်း၊ ပြည်ပသို့ ဒေသခံများစစ်ဘေးရှောင်နေရခြင်း၊ ချင်းပြည်နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များက ဒေသခံများ၏ နေအိမ်များကို မီရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခြင်း၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံများသေဆုံး၊ ဒဏ်ရာရရှိသည့်အပြင် ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးခြင်း၊ မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင်ပြည်သူများ၏ နေအိမ်များပျက်စီးခြင်းတို့ကြောင့် ချင်းပြည်နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရန် အထူးလိုအပ်လျက်ရှိသည်။
ချင်းပြည်နယ်တွင် စစ်ကောင်စီက ဖြတ်လေးဖြတ်ကျင့်သုံးခြင်းတို့ကြောင့် ချင်းပြည်နယ်တွင် လူမှုစီးပွားနလံမထူနိုင်တော့ဘဲ အနုတ်လက္ခဏာပြနေပြီး လက်ရှိအတိုင်းသာ ဆက်လက်ကြုံတွေ့နေပါက ချင်းပြည်သူများသည် အငတ်ဘေးဆိုက်ရောက်နိုင်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ထံမှ သိရသည်။
ပုံစာ-စစ်ဘေးရှောင်နေကြသော ချင်းပြည်သူများနှင့် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သော ဒေသခံများ၏ နေအိမ်များ။
#ချင်းပြည်နယ် #ပြန်လည်ထူထောင်ရေးလုပ်ငန်း #ချင်းလဲန်းအစိုးရအဖွဲ့ #Ayeyarwaddy_Times