နွေဦးမောင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၁ရက်
ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများက တော်လှန်ရေးရံပုံငွေရှာဖွေရေး ဘောလုံးပြိုင်ပွဲနှင့် ပြည်ပရောက်မြန်မာနိုင်ငံသားများ နေ့စဥ် ငါးဘတ်လှူ အစီအစဥ်တစ်ခုကို ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့က စတင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နေ့စဥ် ငါး ဘတ်လှူအစီအစဥ်ကို မြန်မာနိုင်ငံမှနေ၍ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသူများ ပါဝင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်သို့ ရောက်ရှိနေကြသူများက စီစဥ်ဆောင် ရွက်ခြင်းဖြစ် ကြောင်းသိရသည်။
“စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ အုပ်တစ်ချပ်သဲတပွင့်အနေနဲ့ပါဝင်တာပါ။ မဲဆောက်ရောက်နေကြတဲ့တော်လှန်ညီအကိုမောင်နှစ်မတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်နေသူတွေကို အခက်ခဲမရှိဘဲ တစ်ရက်ကို ထိုင်းငွေ ငါးဘတ်၊ တစ်လကို ထိုင်းဘတ်ငွေ ၁၅၀ ဘတ် လှူဒါန်း ပေးနိုင်မယ့် အစီအစဉ်ကို လုပ်ဆောင်တာပါ” ဟု အဆိုပါ ကမ်ပိန်းပြုလုပ်ရာတွင် ပါဝင်သူ တစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
တော်လှန်ရေးတွင် လူတိုင်းပါဝင်လှူဒါန်းနိုင်စေရန် ရည်ရွယ်၍ ထိုင်းနိုင်ငံရောက် ဘောလုံးဝါသနာရှင်များကိုပါ ဖိတ်ခေါ်ကာ ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်နေပြီး ရရှိလာသည့် ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သည့်တပ်ရင်းများသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအသင်း ၁၈ သင်း ဝင်ရောက်ယှဥ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဘောလုံးကွင်း သုံးကွင်းတွင် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့အတွင်း အပြီး ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ပုံစာ- ဘောလုံးပြိုင်ပွဲကျင်းပရန် ပြင်ဆင်နေစဉ်၊ ၅ ဘတ်နေ့တိုင်းလှူအစီအစဉ်
#ထိုင်းနိုင်ငံ #၅ဘတ်နေ့တိုင်းလှူ #တော်လှန်ရေးရန်ပုံငွေ #ဘောလုံးပြိုင်ပွဲကျင်းပ #Ayeyarwaddy_Times