ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဖေဖော်ဝါရီ ၁၁ ရက်)
လူတိုင်းနီးပါးက ကိုယ့်ရဲ့ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ကအမွေးမျှင်တွေကို စိတ်ဝင်စားကြပါတယ်။ ဆံပင်ကျွတ်နေတဲ့သူတွေ၊ ထိပ်ပြောင်နေတဲ့သူတွေ လိုမျိုး အမွေးနည်းလို့ စိတ်ညစ်နေကြသူတွေရှိကြသလို ကိုယ်ခန္ဓာမှာအမွေးတွေများလို့ အမွေးချွတ်ဖို့ စဉ်းစားနေကြသူတွေလည်းရှိနေကြပါတယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ဆံပင်ဖြူသူတွေ၊ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်၊ အရောင်ဆိုး လိုက်နဲ့ ဆံပင်ပျက်စီးနေကြသူတွေလည်း ပေါများလှပါတယ်။
🟥နေရာနဲ့အမွေး
ခေါင်းမှာပေါက်တဲ့ ဆံပင်၊ နှာခေါင်းထဲကအမွေးအမျှင်၊ အမျိုးသားတွေ ကြိုက်ကြတဲ့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ ရင်ဘတ်မွေးတွေ အပြင် ရှက်ရှက် နေရာတွေ မှာပေါက်တဲ့ ချိုင်း(ဂျိုင်း)မွေး၊ ဆီးခုံမွေး၊ လိင်အင်္ဂါမွေး၊ စအိုမွေး၊ ပေါင်ခြံမွေး လူမြင်ကွင်းမှာ ရှိနေတဲ့ လက်မွေး၊ ခြေသလုံးမွေး စသည်ဖြင့် အမွေးပေါက်တဲ့နေရာကို လိုက်ပြီး နာမည်ပေါင်းစုံပြောင်းလဲ ခေါ်ဆိုကြပါတယ်။ နေရာတိုင်းမှာ အမွေး အမျှင် တွေပေါက်ပါတယ်။
ခန္ဓာကိုယ်အရေပြားမှာ အမွေးအမျှင်မပေါက်တဲ့နေရာဆိုလို့ လက်ဖဝါး နဲ့ ခြေဖဝါးပဲ လောက်ပဲ ရှိပါတယ်။
လူတူ ပရိုင်းမိတ်တွေက အေးချမ်းတဲ့ရာသီဥတုကို အန်တုဖို့ တစ်ကိုယ်လုံး အမွေးအမျှင်တွေ အများကြီးဖုံးအုပ်နေခဲ့ပေမယ့် ယနေ့မျက်မှောက်ခေတ် အဝတ်အစား ဝတ်ကြတဲ့လူသားတွေမှာတော့ အမွေးအမျှင် ထူထပ်စွာမရှိနေတော့ပါဘူး။
🟥အမွေးအမျှင်တွေကဘာအတွက်အသုံးကျပါသလဲ?
အမွေးတွေက ခန္ဓာကိုယ်အပူချိန်ထိန်းဖို့အတွက် အသုံးကျပါတယ်။ ငှက်ကလေးတွေဟာ ဆောင်းတွင်း အချိန်ခါမျိုးမှာဆိုရင် သူတို့ရဲ့ အမွေးအတောင်တွေကို ဖောင်းဖွအောင် လုပ်ပြီး ကိုယ်ကိုယ်အနွေးဓါတ်ရစေပါတယ်။ ကြောင်တွေ၊ ခွေးတွေရဲ့သား မွေးတွေ ကလည်း အအေးဒဏ်ကိုခံနိုင်ရည်ရှိပါတယ်။
လူသားတွေမှာလည်း အမွေးအမျှင်တွေက ပူခြင်း၊ အေးခြင်းမှာ အရေးပါတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ပါတယ်။ ချမ်းလွန်းလို့ မွေးညှင်းလေးတွေ ထောင်တယ်ဆိုတာကို ကြားဖူးကြမှာပါ။ ပူပြင်းလှတဲ့အချိန်မျိုးမှာဆိုရင်လည်း အမွေးအရင်း ဆံပင်အမြစ် တွေအနားမှာရှိတဲ့ အရည်ထုတ်ချွေးဂလင်းလေးတွေမှ ချွေးလေးတွေ စို့ထွက်လာပြီး ခန္ဓာကိုယ်ကို အေးမြစေပါတယ်။
🟥ဆံကေသာအလှအပ
မြန်မာနိုင်ငံမှာတော့ ဣထိယ ခေါ် မိန်းမသားတွေရဲ့ လှပမှုတန်ဖိုးကို ဆံကေသာနဲ့ နှိုင်းဆပြသတတ်ကြပြီး အမွေးအမျှင်ဆိုတာ အလှအပရဲ့ မှတ်ကျောက်တစ်ခုဖြစ်နေ ပါတယ်။ ဆံပင်ဆံထုံး ထုံးဖွဲ့မှုတွေကလည်း ယဉ်ကျေးမှု တန်ဖိုးသဖွယ် ဆက်လက် ရှိနေပါတယ်။ ဆံကေသာကျန်းမာရေးဖြစ်တဲ့ ခေါင်းလျှော်ခြင်း အလေ့အထ များနဲ့ ပတ်သက်ပြီးတော့လည်း ဓမ္မတာလာနေစဉ် ခေါင်းမလျှော်ရ ဆိုတဲ့ အယူအဆ အမှားယွင်းတွေလည်းရှိနေပါတယ်။
🟥ဆံပင်ဆေးဆိုးခြင်း
အရှေ့တိုင်းသား အာရှလူသားတွေက ဆံပင်အနက်ရောင်ရှိကြပါတယ်။ အနောက် တိုင်းသားတွေလို ရွှေအိုရောင်ဆံပင်လေးတွေအပြင် အခြားအရောင်ဆေးဆိုး ချင်သူတွေ လှချင်ကြသူတွေက ဆံပင်ဆေးဆိုးခြင်းကို လုပ်ဆောင်ကြပါတယ်။ ဆံပင်တွေကို အရောင်စုံဆေးဆိုပြီးတော့ လှပအောင်ပြုပြင်ကြပါတယ်။
ဆံပင်ဆိုးတဲ့အခါ ဆံသားတွေ ဦးရေပြားတွေဓာတုဆေးကြောင့် ထိခိုက်ပျက်စီး တတ်ပါတယ်။ ဆံသားခြောက်သွေ့သွားတာတွေ ဦးရေပြားအပူလောင်တာတွေ ကြုံတွေ့ရတတ်ပါတယ်။ မကြာခဏဆံပင်အရောင်ပြောင်းတာတွေကို မလုပ်သင့်ပါဘူး။
ဆံသားပေါင်းခြင်း၊ ဖယောင်းသွင်းခြင်း၊ ကောက်ခြင်း၊ ဖြောင့်ခြင်းတွေကို မကြာခဏလုပ်နေခြင်းက ဆံပင်တစ်မျှင်ချင်းရဲ့သန်စွမ်းခြင်းတွေကို လျော့နည်းစေ ပါတယ်။ ဆံပင်အကျွတ်လွယ်လာတာကိုတော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ခံစားရမှာပါ။
🟥အသုံးဝင်သောအမွေးများ
မျက်တောင်မွေးဆိုလျှင် လေထဲမှာပါလာတဲ့အမှုန် တွေကြောင့်မျက်လုံးကို ထိခိုက်သွားနိုင်တဲ့ အခြေအနေတွေက ကာကွယ်ပေးပါတယ်။ မျက်လုံးကို ပိတ်ချလိုက်တဲ့အခါ မျက်တောင်မွေးတွေကမျက်လုံးထဲကိုတည့်တည့်ဝင်လာမယ့် အမှုန် အမွှားတွေကို တွန်းပုတ်ဖယ်ရှားပေးပါတယ်။
ကြည့်ရဆိုးပေမယ့်လည်း သိပ်အသုံးဝင်တဲ့အမွေးအမျှင်တွေရှိပါတယ်။ နှာခေါင်း အတွင်းမှာရှိတဲ့အမွေးအမျှင်တွေက ရှုသွင်းလိုက်တဲ့လေထဲမှာ ပါလာတဲ့ဖုန်နဲ့ အညစ် အကြေးတွေကို ဇကာတစ်ခုလိုစစ်ယူပြီးပေးပါတယ်။
🟥အမွေးချွတ်ခြင်းအမွေးရိတ်ခြင်း
လူတွေကလည်းစိတ်အမျိုးမျိုးရှိကြပါတယ်။ အမွေးအမျှင်တွေကို မလိုချင်ကြတဲ့ အမျိုးသား အမျိုးသမီးတွေကတော့ အမွေးချွတ်ကြပါတယ်။ လှပဖို့အတွက် အမွှေး နှုတ်တာ အမွှေးရိတ်တာတွေလုပ်ကြသလို ဘာသာရေးနဲ့ ယဉ်ကျေးမှုအရလည်း လုပ်တတ်ကြပါတယ်။
Hirsutism အမျိုးသမီးတွေမှာ ယောက်ျားဟော်မုန်းများပြားပြီး အမွေးထူတဲ့ အခြေ အနေ၊ Hypertrichosis လို့ခေါ်တဲ့ မွေးရာပါကြောင့်ဖြစ်ဖြစ် ဆေးဝါးကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ဖြစ်ဖြစ် အမွေးထူတဲ့ အခြေအနေ၊ Pseudofolliculitis ကိုယ်ခန္ဓာအရေပြား အစားထိုးထားတဲ့နေရာတွေနဲ့ လိင်ပြောင်းလဲ ခွဲစိတ်ထားတဲ့ သူတွေရဲ့ အမွေးထူတဲ့ အခြေအနေတွေမှာတော့ ကျန်းမာရေးအရ ဆေးပညာ ခွင့်ပြုချက်နှင့် အညီအမွေးချွတ်ကြတာလည်းရှိပါတယ်။
လေဆာသုံးပြီး အမွေးချွတ်ခြင်းကိုလည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လုပ်ကြပါတယ်။
🟥အမွေးရိတ်ခြင်း
ယောက်ျားတွေအသုံးအများဆုံး နည်းလမ်းဖြစ်ပါတယ်။ အမျိုးသမီးတွေလည်း သုံးကြ ပါတယ်။ razor အမွေးရိတ်ဓားဟm တစ်ခါသုံး တစ်ယောက်သုံးသာဖြစ်ရပါမယ်။ မျှဝေမသုံးခြင်းဖြင့် ရောဂါမကူးစက်စေဖို့ စနစ်တကျဂရုစိုက်ရပါမယ်။
🟥အမွေးဆွဲနှုတ်ခြင်း
ဒါကိုတော့ အမျိုးသမီးအများစုသုံးကြပါတယ်။ နာကျင်ခြင်းနည်းငယ်ရှိနိုင်ပြီး အခန့်မသင့်ရင် မွေးကျွတ်ပြည်တည်နာဖြစ်တတ်ပါတယ်။
🟥ကော်ဖြင်ကပ်အမွေးဖယ်ရှားခြင်း
waxing လုပ်တယ် ဆိုတာကို အားလုံးသိကြပါတယ်။ စေးကပ်တဲ့ အနှစ်ကော်ကို အမွေးမျှင်တွေမှာ သုတ်လိမ်းပြီး စက္ကူစနဲ့ ကပ်ပြီး အားသုံး ခွာယူခြင်းနည်းလမ်း ဖြစ်ပါတယ်။ နာကျင်ခြင်းရှိနိုင်ပြီး အမွေးဆွဲနှုတ်ခြင့်ကဲ့သို့ အခန့်မသင့်ပါက မွေးကျွတ် နာပေါက်နိုင်ပါတယ်။
🟥ချည်မျှင်ကြိုးနှစ်စသုံးပြီးအမွေးချွတ်ခြင်း
ဒီနည်းလမ်းကို အရှေ့အလယ်ပိုင်းဒေသရှိ အာရပ်တွေအသုံးများကြပါတယ်။ ကြိုးနှစ်ဆကို လက်နှစ်ဖက်ဖြင့်ထိန်း၍ လိမ်ကျစ်စေပြီးအမွေးများကို ကြိုးစအတွင်း ရှင်းလင်းဖယ်ရှားခြင်းနည်းလမ်းဖြစ်ပါတယ်။ မကျွမ်းကျင်ပါက ကျွတ်သွားတဲ့ အမွေး နေရာမှာနာကျင်ခြင်း၊ အရောင်မဲသွားခြင်း၊ အရေပြားအနာဖြစ်ခြင်းတွေ ဖြစ်တတ် ပါတယ်။
🟥ဓာတုဆေးဝါးသုံးအမွေးချွတ်ဆေးသုံးခြင်း
ဓာတုဆေးဝါး(ခရင်မ်)များကိုအမွေးပေါက်ရာနေရာများတွင်လိမ်းပေးပြီးတော့အမွေးချွတ်ခြင်းနည်းလမ်းဖြစ်ပါတယ်။
လေဆာပစ်ခြင်း၊ ဓာတ်တို့ခြင်း၊ အအေးတို့ခြင်း စတဲ့ နည်းလမ်းတွေ သုံးပြီးတော့လည်း အမွေးချွတ်ခြင်းကို လုပ်၍ရနေကြပြီဖြစ်ပါတယ်။
🟥ဆံပင်ကျွတ်ခြင်းနဲ့အမွေးနည်းပါးထိပ်ပြောင်ခြင်းရောဂါ
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အမျိုးသားတွေမှာငယ်ထိပ်နဲ့ နောက်စေ့နေရာ တွေမှာ အမွေးတွေကျွတ်ပြီးတော့ ထိပ်ပြောင်လာတတ်ပါတယ်။ မျိုးရိုးဗီဇကြောင့် ယောကျာ်းဟော်မုန်းကြောင့် ကျန်းမာရေးအခြေအနေကြောင့် ဆေးဝါးတွေကြောင့် ဖြစ်တတ်ပါတယ်။ တချို့လူတွေမှာတော့ ရုတ်တရက်ဆံပင်တွေအများကြီးကျွတ်တာ အကွက်လိုက်အကွက်လိုက်ဆံပင်တွေကျွတ်တာ တွေကြုံရတတ်ပါတယ်။
ကင်ဆာရောဂါကိုခံစားရတဲ့လူနာအချို့မှာလည်း ကင်ဆာဆေးဒဏ်ကြောင့် တစ်ကိုယ် လုံးမှာရှိတဲ့အမွေးတွေကျွတ်တတ်ပါတယ်။ အသက်၄၀ကျော်အမျိုးသားများအနေနဲ့ Minoxidil နှင့် Finasteride ဆိုတဲ့ ဆေးနှစ်မျိုးနဲ့သာ စနစ်တကျ ကုသရမှာ ဖြစ်တာကြောင့် အရေပြားအထူးကုဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။
ဆံပင်ကို အမြဲတမ်း ဆေးဆိုးလိုက် ကောက်လိုက် ဖြောင့်လိုက် လုပ်နေကြသူများအနေနဲ့ ဆံပင်ကိုဂရုစိုက်ပေးပါ။ သုံးလအတွင်း အများဆုံးတစ်ကြိမ်သာ ဓာတုဆေးဝါးများဖြင့် ထိတွေ့ပါ။ ဓာတုဆေးဝါး မကြာခဏထိတွေ့ခြင်းက ဆံပင်ကိုသာမက ကိုယ့်ရဲ့ကျန်းမာ ရေးကိုပါ ထိခိုက်စေနိုင်တယ်ဆိုတဲ့အကြောင်း အသိပညာမျှဝေလိုက်ရပါတယ်။
နောက်တစ်ပတ်မှာတော့ အပူဓာတ်ကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို စိတ်ဝင်စားဖွယ် တင်ဆက်ပေးမှာကြောင့် စောင့်မျှော်ပေးကြပါဦး။ Ayeyarwaddy Times ပရိသတ်များအားလုံးလည်း ကျန်းမာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #ခန္ဓာကိုယ်ပေါ်ကအမွေးအမျှင်တွေ #ဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန် နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)