ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ရက်
ရခိုင်ပြည်နယ်၊ ရသေ့တောင် အနောက်တောင်ပိုင်း၊ အငူမော်- မောင်တောကားလမ်းဘေးရှိ စစ်ကောင်စီ၏ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AAက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ယမန်နေ့ ဖေဖောဝါရီ ၉ရက်နေ့ မနက် ၁၁နာရီ ၄၅မိနစ်ခန့်က နှစ်ရက်တာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ၏ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို ရက္ခိုင့်တပ်တော် AAကသိမ်းပိုက်ရရှိခဲ့ကြောင်း မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားသည်။
“မနေ့က မနက် ၄နာရီလောက်ကတည်း လေယာဥ်ပစ်ကူတောက်လျှောက်ပေးတယ် ဒါပေမယ့် ပစ်ချက်တွေကလွဲတယ်။ စစ်ကူလည်း ကြားဖြတ်တိုက်ခံရပြီး မနက် ၁၀နာရီကျော်ကတည်းက စခန်းကျသွားတာ” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း နံနက်၄နာရီ ၃၀မိနစ်ခန့်မှစ၍ ဂျက်ဖိုက်တာဖြင့် ရသေ့တောင်ရှိ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်မှင့်သံချောင်းကျေးရွာများသို့ စစ်ကောင်စီက လာရောက်တိုက်ခိုက်ခဲ့ပြီး ရသေ့တောင်အခြေစိုက် ခမရ ၅၃၇မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းသည် ရဲနှင့်စစ်ကောင်စီအင်အား ၁၅၀ကျော်ဖြင့် စုစည်းထားပြီး ရခိုင်တွင်စစ်ရေးပြင်းထန်လာသည့် နိုဝင်ဘာလကတည်းက AA ကလမ်းကြောင်းပိတ်ဆို့ထားသည့်အတွက် စခန်းတွင်းပိတ်မိနေကြောင်းသိရသည်။
ပြီးခဲ့သည်သည့် ဇန်နဝါရီလ ၁၃ရက်နေ့ကတည်းက ရသေ့တောင်ရှိ ရေစိုးချောင်း၊ အမျက်တောင်၊ စေတီပြင် စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာပြီး ဘူးသီးတောင်နှင့် မောင်တောရှိ စစ်စခန်းများသို့ သွားရောက်ပူးပေါင်းကြသော်လည်း ကိုးတန်ကောက်စခန်းမှာမူ ပိတ်မိပြီး ရသေ့တောင်တွင်ကျန်ရှိနေခဲ့သောစခန်းဖြစ်ကြောင်း သိရသည်။
#ရသေ့တောင် #စစ်ကောင်စီ #ကိုးတန်ကောက်စခန်း #AA #Ayeyarwaddy_Times