ဧရာဝတီတိုင်းမ်
ဖေဖေါ်ဝါရီ ၁၀ ရက်
ဧရာ၀တီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်တွင် စစ်ကောင်စီ ၏ လိုက်လံဖမ်းဆီးမှုကြောင့် တိမ်းရှောင်နေရာမှ နေအိမ်သို့ပြန်လာသည့် NLDပါတီ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းသည် စစ်ကြောရေးတွင် နှိပ်စက်ခံခဲ့ရသည့်အတွက် ပုသိမ်ထောင်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း အကျဥ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။
“ထောင်က နှိပ်စက်တာမဟုတ်ဘူး။စစ်တပ်စစ်ကြောရေးက ဒဏ်ရာတွေရလာတာ လမ်းတောင် မလျှောက်နိုင်တော့ဘူး။အတွင်းကြေပုံစံမျိုးဖြစ်လာတာ ထောင်ဆေးရုံမှာ”ဟု အကျဥ်းဦးစီးဌာန နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ဦးစိုးမိုးထွန်းကို ဖမ်းဆီးပြီးနောက် ပုသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ကြောရေးတွင် ၁၀ရက်ကြာ ရိုက်နှက်စစ်ဆေးခဲ့ပြီး ပုသိမ်ထောင်သို့ လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိုက်နှက်ထားသည့် ဒဏ်ရာများကြောင့် ဆေးကုသနေရခြင်းဖြစ်သည်။
လက်ရှိဖမ်းဆီးခံရသူ ဦးစိုးမိုးထွန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် NLDပါတီကိုယ်စားပြုကာ ကန်ကြီးထောင့်မြို့နယ် အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် အမှတ်၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယာဥ်ပြိုင်ရာမှာ အနိုင်ရရှိခဲ့သူတစ်ဦးဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြပွဲများတွင် ပါ၀င်ခဲ့ပြီး တိမ်းရှောင်နေသူဖြစ်ကြောင်းသိရှိရသည်။
စစ်ကောင်စီက ဦးစိုးမိုးထွန်းကို အစိုးရအကြည်အညိုပျက်စေမှု ပုဒ်မ ၁၂၄ ၊ နိုင်ငံတော် သစ္စာဖောက် ဖျက်မှု ပုဒ်မ ၁၂၂ တို့ဖြင့် အမှုဖွင့်ဖမ်းဝရမ်းထုတ်ထားသောကြောင့် တိမ်းရှောင်နေရာမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ရက်နေ့က ကန်ကြီးထောင့်မြို့နယ် မြင်းကဆိပ်ကျေးရွာ ရှိ နေအိမ်သို့ ပြန်ရောက်လာစဥ် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း NLDပါတီနှင့်နီးစပ်သူများထံမှသိရသည်။
#ကန်ကြီးထောင့် #စစ်ကောင်စီ # NLD #တိုင်းဒေသလွှတ်တော်ကိုယ်စားလှယ် #ဦးစိုးမိုးထွန်း #စစ်ကြောရေး# နှိပ်စက်ခံရ #ပုသိမ်ထောင်ဆေးရုံ# အကျဥ်းဦးစီးဌာန #Ayeyarwaddy_Times