ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုမတိုင်မီက လူသားချင်းစာနာမှုအကူအညီ လိုအပ်သူအရေအတွက် ဟာ တစ်သန်းကျော်ရှိရာမှ အာဏာသိမ်းမှု ၃ နှစ်ပြည့်ချိန်မှာ လူဉီးရေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၈ သန်းကျော်အထိ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာခဲ့ရပြီး စားနပ်ရိက္ခာမဖူလုံမှုနဲ့ အာဟာရပြတ်လပ်မှုတွေ ရင်ဆိုင်ရကာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးဝန်ဆောင်မှု မရရှိဘဲ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်တွေ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆုင်ရာရာ ညှိနှိုင်းရေးရုံး (UNOCHA) က အာဏာသိမ်းမှု ၃ နှစ်ပြည့် ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာ့အရေးကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီလ ၅ ရက်မှာ အထူးအစည်းအဝေး တစ်ရပ် ကျင်းပကာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီ ချက်ချင်း ပေးအပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုခဲ့ပါတယ်။

“အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်ချိန်မှာ မြန်မာပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာမှုအကူအ ညီ လိုအပ်နေပါတယ်” လို့ အထူးအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံ အမတ်ကြီး ဘာဘရာဝုဝပ်ဒ်က ပြောပါတယ်။

အမျိုးသမီး၊ ကလေးငယ်၊ တိုင်းရင်းသားနဲ့ လူနည်းစုဝင်တွေ အပါအဝင် အကူအညီလိုအပ်သူအားလုံးကို လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ပြုဖို့ ကျွန်မတို့ ထပ်လောင်းတောင်းဆိုပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍက အကျပ်အတည်းကျရောက်နေပြီး သန်းနဲ့ချီတဲ့ပြည်သူတွေဟာ ဘေး ကင်းတဲ့ခိုလှုံရာနေရာ သို့မဟုတ် သောက်သုံးရေ မရရှိဘူးလို့ UNOCHA က ပြောပါတယ်။

စီးပွားရေးကျဆင်းမှုကြောင့် မိသားစုပေါင်းများစွာဟာ ငွေကြေးအခက်အခဲတွေ ရင်ဆိုင်နေရပြီး စိုက်ပျို ရေးလုပ်ငန်းတွေ ရပ်တန့်ကာ မြန်ဆန်သောငွေကြေးဖောင်းပွမှုကြောင့် ပြည်သူတွေက စားနပ်ရိက္ခာရရှိဖို့ ခက်ခဲ နေကြတယ်လို့ UNOCHA က ဆိုပါတယ်။

အကူအညီလိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီ ပေးအပ်နိုင်ရေး၊ စစ်ကောင်စီနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကြား ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးဖို့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်းဆွေ ဟာ ဖေဖော်ဝါရီလ ၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ UNOCHA ရုံး အကြီးအကဲ မိုဟာမက်ဆာဂျစ်နဲ့ တွေ့ဆုံခဲ့ပါ တယ်။

အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေထံ အမေရိကန်ဒေါ်လာ ၅ သန်းခန့်တန်ကြေးရှိ လူသားချင်းစာနာ မှုအကူအညီ ပေးအပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂ ရက်က ပြောကြားခဲ့ပါတယ်။

ကိုးကား – RFA
Ref; One-third of Myanmar population in need of aid, says UN

#Ayeyarwaddy_Times