ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့ရှိ စစ်ကောင်စီခန့်အုပ်ချုပ်‌ရေးမှူးက အကျဥ်းကျနေသူများ၏ မိသားစုများထံမှ ခြိမ်းခြောက်ငွေတောင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံကသိရသည်။

အကျဥ်းကျနေသူများ၏ မိသားစုများထံ ငွေများတောင်းယူနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ဦးဇော်မိုးဖြစ်ပြီး ထူးကြီးမြို့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်‌ရေးမှူးရုံးတွင် နေထိုင်ကြောင်း ဒေသခံများက ပြောသည်။

“သူက စစ်တပ်ကအာဏာသိမ်းပြီးမှ ဖြစ်လာတဲ့အုပ်ချုပ်ရေးမှူးအသစ်ပါ။ တော်တော်လေးဆိုးတယ်၊ ထောင်ကျနေတဲ့သူတွေရဲ့ မိသားစုဝင်တွေဆီပိုက်ဆံတောင်းတယ်။ ပေးရင် ရှေ့တန်းမပို့ဘူး၊ ငွေမပေးရင် တိုက်ပွဲကိုထည့်ပေးလိုက်မယ်ပြောပြီး ခြိမ်းခြောက်တယ်” ဟု အဆိုပါအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောတယ်။

ဖေဖော်ဝါရီလမှ စတင်ပြီး အကျဥ်းသားများ၏ မိသားစုဝင်များထံ အကျဥ်းသားတစ်ဦးလျှင် ငွေကျပ် ငါးသိန်းမှ ရှစ်သိန်းအထိ တောင်းယူနေပြီး ငွေမပေးပါက စစ်တိုက်ရန် ရှေ့တန်းပို့မည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း သိရသည်။

“အကျဥ်းကျနေတဲ့သူတွေက တစ်ခြားအမှုတွေနဲ့ ကျနေတဲ့သူတွေလဲပါသလို၊ နိုင်ငံရေးနဲ့ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့သူတွေလည်းပါတယ်။ ဒီလူတွေအားလုံးကို ငွေတောင်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ထူးကြီးမြို့တွင် စစ်တပ်ကိုဆန့်ကျင်သည်ဟုဆိုကာ အမျိုးသား ခုနှစ် ဦးစွပ်စွဲဖမ်းဆီးခံရပြီး မြောင်းမြအကျဥ်းထောင်တွင် အကျဥ်းကျနေကြောင်း ဒေသခံများထံကသိရသည်။

#ထူးကြီးမြို့ #စစ်ကောင်စီခန့်အုပ်ချုပ်‌ရေး #အကျဥ်းကျ #မိသားစုများထံငွေတောင်း #ရှေ့တန်းစစ်တိုက်ရန်ပို့ #Ayeyarwaddy_Times