ဆလိုင်းဇလပ်ထန်/ ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်

စစ်အာဏာ မသိမ်းခင်က ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်တွင် ဆံသဆိုင် ဖွင့်လှစ် လုပ်ကိုင်နေသော ဆလိုင်းယောနက ၁ ရက်လျှင် တစ်သောင်းကျပ် ပုံမှန်ဝင်ငွေ ရရှိသည် ဟု ပြောသည်။

ထိုဆံသဆိုင်အလုပ်က မိသားစု စားဝတ်နေရေးအတွက် ကောင်းမွန်စွာ ဖူလုံနိုင်သည် ဟုလည်း ဆိုသည်။

အခြား လုပ်ငန်းများ လုပ်ကိုင်စရာ မလိုအပ်သည့် အခြေအနေလည်း ဖြစ်ခဲ့သည်ဟုလည်း သူက ပြောပြသည်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မတူပီမြို့နယ်မှ ဒေသခံအများစု စစ်ဘေးရှောင် နေရခြင်း၊ စစ်ကောင်စီတပ်က မြို့အဝင်အထွက်များကို ပိတ်ဆို့နေ၍ ကျေးလက်ဒေသမှ ဒေသခံများ မြို့ပေါ်သို့မလာရောက်နိုင်ခြင်းတို့ကြောင့် ဆံသဆိုင်တွင် ဆံပင်လာညှပ် သူများ လျော့နည်းလာခဲ့ရသည်။

ထိုသို့ ဆံပင်ညှပ်သူ လျော့နည်းလာခြင်းကြောင့် ဆလိုင်းယောန၏ နေ့စဉ်ဝင်‌ငွေ ရရှိရန် ခက်ခဲလာပြီး ရုန်းကန် ရတော့သည်။

“မြို့ပေါ်မှာ အရင်လို လူမစည်တော့ဘူး။ ဆံပင် လာညှပ်သူတွေ မရှိသလောက် ဖြစ်နေတယ်။ မြို့ပေါ်မှာ ဝင်ငွေရရှိမယ့် အခြား အလုပ်အကိုင်တွေလည်း မရှိဘူး။ စားနပ်ရိက္ခာတွေ ပြတ်လပ်တဲ့အတွက် ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်သွားတယ်။ တလဝင်ငွေနဲ့ ဆန်တအိတ် ဝယ်ယူဖို့တောင် မလောက်ဘူး ဖြစ်နေတယ်”ဟုလည်း ဆလိုင်းယောနက ပြောပြသည်။

မတူပီ မြို့ပေါ်တွင် စားနပ်ရိက္ခာ ပြတ်လတ်မှုကြောင့် ပြည်မဘက်မှ တင်သွင်းလာသော ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် တစ်သိန်းနှစ်သောင်းအထိ ဈေးမြင့်တက်နေပြီး ငွေရှိသော်လည်း ဆန်ဝယ်မရသည့် အခြေအနေများလည်း ဒေသခံများ မကြာခဏ ကြုံနေကြရသည်။

ထို့ပြင် ပြည်မ လမ်းကြောင်းတွင် တိုက်ပွဲ ဖြစ်ပွားမှု အခြေအနေကြောင့် လမ်းများ ပိတ်ဆို့၍ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခဲ့ရသည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီး နောက်ပိုင်းတွင် လုံခြုံရေးကို အကြောင်းပြ၍ ပြည်မ ကုန်သွယ်ရေး လမ်းကြောင်း များကို ပိတ်ပင်ခြင်း၊ မြို့အဝင်အထွက်များကို ပိတ်ဆို့ခြင်းတို့ကြောင့် ချင်းပြည်သူများသည် စားနပ်ရိက္ခာ ပြတ်လပ်မှု ဒဏ်ကို ရင်ဆိုင်ကြရသည်။

ထိုသို့ စစ်အာဏာ သိမ်းမှုကြောင့် ချင်းပြည်နယ်၏ စီးပွားရေး နာလန်မထူနိုင်တော့ဘဲ ဒေသခံ ပြည်သူများ၏ စားဝတ်နေရေး ဖူလုံမှုလည်း မရှိတော့ကြောင်း ချင်း လူ့အခွင့် အရေး အဖွဲ့၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ဆလိုင်းတေရကလည်း ပြောသည်။

ဆလိုင်းတေရက“အာဏာသိမ်းပြီးနောက်ပိုင်းမှာ စီးပွားရေးကတော့ ပြောစရာ မလိုဘူး။ လုံးဝနာလန်မထူဘူး။ စီးပွားရေးက ကျသထက် ကျဆင်းနေတယ်။ ဒေသခံ ပြည်သူတွေက စားဝတ်နေရေး ဖူလုံမှု လုံးဝမရှိဘူး။ ပြောရရင် အနုတ် လက္ခဏာ ဖြစ်နေတယ်”ဟု ပြောပြသည်။

လက်ရှိ အနေအထား အတိုင်းသာ ဆက်လက် ကြုံတွေ့နေရပါက ချင်းပြည်သူ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ပို၍ ဆင်းရဲဒုက္ခ ရောက်ရှိနိုင်သလို အငတ်ဘေးလည်း ဆိုးဆိုးဝါးဝါး ခံရနိုင်သည်ဟု ၎င်းက ထောက်ပြသည်။

ချင်းပြည်နယ်၏ လူဦးရေ ၄၀ ရာခိုင်နှုန်းခန့်သည် ပြည်တွင်း၊ ပြည်ပသို့ စစ်ဘေးရှောင်နေကြရပြီး ပြည်တွင်း၌ စစ်ဘေး ရှောင်နေကြသော ‌ဒေသခံများသည် အဘက်ဘက်မှ ပိုမို အခက်ကြုံနေကြရသည် ဟုလည်း ဆိုသည်။

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ မြို့နယ်တွင် ယခင်က ကုန်းလမ်း၊ ရေလမ်း တို့ဖြင့် ကုန်သွယ်မှု လမ်းကြောင်းကို အသုံးပြုနိုင်သော်လည်း စစ်အာဏာ သိမ်းပြီး နောက်ပိုင်းတွင် ကုန်းလမ်းဖြစ်သည့် မတူပီ-မင်းတပ် ကားလမ်းကို အသုံး မပြုနိုင် တော့ဘဲ ရခိုင်ပြည်နယ် ကျောက်‌‌တော်မြို့နှင့် ရေကြောင်း ကုန်သွယ်ရေးကိုသာ အဓိက မှီခိုနေရသည်။

မတူပီမြို့နေ ကုန်သည် ဦးပါခွင်းက “စစ်ကောင်စီတပ်က နည်းလမ်းပေါင်းစုံနဲ့ ကုန်သွယ်မှုကို ပိတ်ပင်တယ်။ ဆက်သွယ်ရေးလည်း ပိတ်ပင်တယ် ဆိုတော့ ချင်းပြည်နယ် တောင်ပိုင်းဘက်က ပိုပြီးတော့ နစ်နာတာပေါ့။ ကုန်ဈေးနှုန်းက အဆမတန်မြင့်တယ်။ လမ်းပန်း ဆက်သွယ်ရေးမှာလည်း အင်မတန်ဆိုးရွားတယ်။ ဒါကြောင့် ကုန်စည် ပြတ်တောက်မှုနဲ့ ကုန်ဈေးနှုန်း မြင့်မားမှု ဒဏ်ကို ကြုံနေရတာပါ”ဟု ပြောကြားသည်။

လက်ရှိတွင်လည်း ချင်းပြည်နယ် တောင်ပိုင်း မတူပီ၊ ပလက်ဝ တို့၌ ဓာတ်ဆီ ၁ လီတာ တစ်ဘူးလျှင် ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ အထိ ဈေးနှုန်း ရှိနေသည်။

ချင်းပြည်နယ် မြောက်ပိုင်း ဟားခါး၊ ထန်တလန် နှင့် ဖလမ်းမြို့များတွင်မူ ဓာတ်ဆီ ၁ လီတာ တစ်ဘူး ကျပ် ၃,၅၀၀ မှ ၅,၀၀၀ အထိသာ ရှိပါသည်။

ဖလမ်း၊ ဟားခါး၊ မင်းတပ်တို့တွင် ကုန်သွယ်စီးဆင်းမှု အသင့်အတင့် လည်ပတ်နိုင် သော်လည်း ပြည်မနှင့် ပိုမိုအလှမ်းဝေးသည့် တောင်ပိုင်းမတူပီ၊ ပလက်ဝ တို့ဘက်တွင် ကုန်သွယ် စီးဆင်းမှု လုံးဝ ပြတ်တောက် နေသည်ဟု ဆိုနိုင်သည်။

အဆိုပါ တောင်ပိုင်း ဒေသခံများက ကုန်တင်ယာဉ် ဝင်ထွက်မှုကို မျှော်နေကြသော်လည်း ချင်းတောင်သွားမည့် ကုန်တင်ယာဉ်များကို ပြည်မဘက်တွင် စစ်ကောင်စီက ပိတ်ဆို့ နေသည်။

ချင်းပြည်နယ် မြောက်ပိုင်းကမူ စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် လမ်းပန်း ဆက်သွယ်ရေး ပိတ်ပင်ခြင်းနှင့် ဆက်သွယ်ရေးစနစ် ပိတ်ပင်ခြင်း ကြုံရမှုနည်းပါး၍ တောင်ပိုင်းထက် လမ်းပန်းဆက် သွယ်ရေး ပိုမို ကောင်းမွန်ပါသည်။

မြောက်ပိုင်းသို့ တစ်ရက်ခရီးဖြင့် ကုန်စည်များ ရောက်ရှိနိုင်သော်လည်း တောင်ပိုင်းဘက်သို့ ကုန်စည် ရောက်နိုင်မှုမှာ တပတ်ကျော် ကြာမြင့်သည်။

စစ်အာဏာမသိမ်းခင်က နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းအဖြစ် အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း အမှတ်(၁) မိုးရေး ကုန်သွယ်ရေး လမ်းကြောင်းနှင့် ကုန်သွယ်ရေး လမ်းကြောင်း အမှတ်(၂) ရိခေါဒါရ် လမ်းကြောင်း များကို အသုံးပြုနေပြီး ရေကြောင်း ကုန်သွယ်ရေးအဖြစ် ကုလားတန်မြစ် လမ်းကြောင်းကို အသုံးပြုသည်။

“ကလေးမြို့ဘက်မှာ စစ်ကောင်စီ ကုန်တင်ယာဉ်တွေကို ပိတ်ဆို့ထားတဲ့ အတွက် လက်ရှိ အချိန်ထိ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းကြောင်းက လုံးဝ မလည်ပတ်နိုင်ဘဲ ရပ်တန့်နေပါတယ်”ဟု ရိခေါဒါရ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ အတွင်းရေးမှူး ဂျွန်ရိုဗာကလည်း ပြောပြသည်။

ထိုသို့ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မှုကြောင့် နယ်စပ်ဒေသရှိ ဒေသခံများ အလုပ်လက်မဲ့ အခြေအနေကို ရင်ဆိုင်နေရကြောင်းလည်း ဂျွန်ရိုဗာက ဆိုသည်။

ရိခေါ်ဒါရ်မြို့ ဒေသခံများသည် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး တို့ကို ပြုလုပ်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုးရမ် ပြည်နယ်ဘက်သို့ တရားမဝင် လမ်းကြောင့်ဖြင့် ရောင်းဝယ်မှုများလည်း ပြုလုပ်ကြရသည်။

ပြည်မဘက်မှ တင်သွင်းသော ဆန်အပါအဝင် အခြား စားနပ်ရိက္ခာများလည်း ပြတ် တောက်နေပြီး မြို့ပေါ်တွင် ဝယ်ယူ မရတော့သည် အထိလည်း ကြုံနေကြရသည်။

ထို့ပြင် ချင်းပြည်နယ်တွင် အလုပ်အကိုင် ရှားပါးမှုကြောင့် လူငယ်၊ လူရွယ်အများစုသည် ပြည်ပသို့ ထွက်ခွာမှုများ ပြုလုပ်ကြသည်။

“ချင်းပြည်နယ်မှာ ဝင်ငွေရမယ့် အလုပ်အကိုင်မရှိတော့ဘူး။ ဒါကြောင့် မိဘတွေက လည်း ကိုယ့်သားသမီးတွေကို ပြည်ပကိုပဲ ထွက်ခွာပြီး အလုပ်လုပ်ကိုင်ကြဖို့ ဖိအား ပေးကြတယ်။ ပြည်ပကနေ ထောက်ပံ့မှုရှိမှ မိသားစု စားဝတ် နေရေးက ဖူလှုံနိုင်မှာလေ”ဟု မတူပီ ဒေသခံ အမျိုးသမီး ဒေါ်နုသဲက ပြောပြသည်။

ချင်းလူငယ်အများစုသည် ချင်းကာကွယ်ရေး တပ်ဖွဲ့တွင် ဝင်ရောက်၍ စစ်ကောင်စီကို တော်လှန် တိုက်ခိုက်ကြသလို နိုင်ငံခြားသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်သူများလည်း ထောင်ဂဏန်း ရှိနေသည်။

#တိုက်ပွဲများလည်းပြင်းထန်လာ

အာဏာသိမ်း စစ်ကောင်စီကို တူမီးဖြင့် စတင်တော်လှန်ခဲ့သော ချင်းပြည်နယ်တွင် မြို့နယ်နှင့် လူမျိုးအလိုက် ချင်းကာကွယ်‌ရေး တပ်ဖွဲ့များ အသီးသီးပေါ်ပေါက်လာပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရန် အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်ဖြင့် ခုခံစစ်ကို ပြင်းထန်စွာ ဆင်နွှဲလျက်လည်း ရှိနေပါသည်။

ထိုသို့ ချင်းဒေသ အနှံ့တွင် တိုက်ပွဲပြင်းထန်လာမှုကြောင့် စစ်ဘေးရှောင်များလည်း တိုးလာသလို ကုန်သွယ်မှု လမ်းကြောင်းများလည်း လုံးဝ ပြတ်တောက်သွားရခြင်း ဖြစ်သည်။

မြို့တော် ဟားခါးနှင့် ဖလမ်းမြို့မှ လွဲ၍ အခြားမြို့နယ်များတွင် ဘဏ်စနစ်များပါ ပျက်သွားခဲ့ပြီး ကျန်မြို့နယ် များတွင်လည်း ငွေသွင်း၊ ငွေထုတ်ပင် မပြုလုပ်နိုင်တော့ပေ။

ဟားခါး နှင့် ဖလမ်းမြို့တွင်တော့ ငွေသွင်း၊ ငွေထုတ်များကို အကန့်အသတ်ဖြင့် ပြုလုပ်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လစဉ် လစာငွေများကိုလည်း စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်သာ ပို့ဆောင် ပေးခဲ့ကြောင် Non CDM ဝန်ထမ်းများ ထံမှ သိရသည်။

#အကူအညီလည်း ခက်နေသည့် ချင်းပြည်နယ်

အစိုးရဌာန မဟုတ်သည့် (NGO/INGO) လူမှု အဖွဲ့အစည်းအချို့သည် ချင်းပြည်နယ်တွင် ဆက်လက် အခြေစိုက်ထားသော်လည်း အများစုမှာ နယ်မြေလုံခြုံရေး အခြေအနေ ကြောင့် ထွက်ခွာသွားကြသည်။

ကျန်ရှိနေသည့် အဖွဲ့အစည်းများကလည်း စစ်ကောင်စီ၏ လမ်းကြောင်း ပိတ်ဆို့မှုကြောင့် ဒေသခံများကို ထိထိ ရောက်ရောက် မကူညီနိုင်တော့ကြောင်း သိရသည်။

အမည်မဖော်လိုသော NGO အမျိုးသား ဝန်ထမ်း တစ်ဦးကတော့“တော်လှန်ရေးတွေဆီ အကူအညီ ရောက်သွားမယ် ဆိုတဲ့ သံသယစိတ်ကြောင့် စစ်ဘေးရှောင်တွေကိုလည်း စစ်ကောင်စီက ကူညီဖို့ ခွင့်မပြုဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ နည်းလမ်းလေးတွေနဲ့ အခက်ကြုံနေကြတဲ့ စစ်ဘေးရှောင်တွေကိုတော့ ကူညီမှုတွေ လုပ်နေပါတယ်”ဟု ပြောပြသည်။

#ဒေသထွက်ဆန်နှင့်ဟင်းသီးဟင်းရွက်များဖြင့်သာ ရှင်သန်နေကြရ

ချင်းပြည်နယ်တွင်း ထုတ်ကုန်အဖြစ် “ဝဥ” ကို စီးပွားဖြစ် အဓိက စိုက်ပျိုးနေကြပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် တောင်ယာ၊ လယ်ယာ စနစ်များကိုလည်း တနိုင်တပိုင် လုပ်ကိုင်နေကြသည်။

နိုင်ငံရေး အခြေအနေကြောင့် ဝဥ ဈေးကွက် ပျက်သွားသော်လည်း မျှော်လင့်ချက်ဖြင့် ဒေသခံများက ဝဥ ကို ဆက်လက် စိုက်ပျိုးလျက် ရှိကြသည်။

နိုင်ငံရေး တည်ငြိမ်စဉ်တွင် ဝဥ အခြောက် ၁ ပိဿာကို ၁၀,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ ဈေးရရှိခဲ့ပြီး ချင်းပြည်နယ်မှ မန္တလေးမြို့သို့ အဓိက တင်ပို့ရောင်းချကြ ကြောင်း သိရသည်။

“အာဏာသိမ်းပြီးနောက်မှာ ပြည်မဘက်နဲ့ ကုန်သွယ်မှု ပြတ်တောက်ပြီးတော့ ဝဥ ဈေးကွက်က လုံးဝ ရပ်တန့် သွားပါတယ်။ ဒါပေမယ့် ဒေသခံတွေက နိုင်ငံရေး ပြန်လည် တည်ငြိမ်ရင် ယခင်လိုပဲ ဈေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့ ရနိုင်မယ်ဆိုတဲ့‌ မျှော်လင့်ချက်နဲ့ မိမိခြံဝင်းမှာ ဝဥ တွေ ဆက်လက် စိုက်ပျိုးနေဆဲပါပဲ”ဟု မတူပီမြို့နယ် ရေဇွာမြို့ ဒေသခံ အမျိုးသားတစ်ဦးကလည်း ပြောပြသည်။

လက်ရှိ ဝဥ ဈေးသည် အခြောက် ၁ ပိဿာ ကျပ် ၆,၅၀၀ ဈေးသာ ရှိနေသော်လည်း ဒေသခံ ပြည်သူတချို့က အခြား ငွေဝင်လမ်းလည်း မရှိ၍ ဝဥ ကိုသာ အခြောက်လှန်းပြီး ရောင်းနေကြသည်ဟု ဆိုသည်။

“ဝဥ ၁ ပိဿာ ဖိုးနဲ့ ကော်ဖီမစ် အထုပ်ကြီး ၁ ထုပ်တောင် ဝယ်မရပါဘူး။ ကော်ဖီမစ်က ၁ ထုပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ အထိ ဈေးရှိပါတယ်။ အာဏာ မသိမ်းခင်မှာတော့ ၁ ပိဿာ ၁၂,၀၀၀ ကနေ ၁၈,၀၀၀ အထိ ဈေးရနေတာပါ။ အဲ့ဒီတုန်း က ကော်ဖီမစ်က ၁ ထုပ် ၂,၅၀၀ ပဲ ရှိတာပါ”ဟု ဒေသခံ တစ်ဦးကလည်း ပြောသည်။

ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ပြီးနောက် ဝဥ စီးပွားလည်း ပျက်သွား၍ ဒေသခံများက ယခင်က ရပ်နားခဲ့ပြီဖြစ်သော တောင်ယာ နှင့် လယ်ယာ လုပ်ငန်းတို့ကို ပြန်လည် လုပ်ကိုင်ကာ အသက် မွေးဝမ်းကျောင်း ပြုလာကြရသည်။

မတူပီမြို့နယ် လိုင်လင်းပီမြို့ဒေသခံ ဦးဘီးပါရှာက“မြို့ပေါ်မှာ ဆန်တွေဝယ်မရတော့ ဒေသထွက်ဆန်တွေကိုပဲ အဓိက ဝယ်ယူစားသုံးနေကြတယ်။ ဒေသထွက် ဆန်တွေကို တော့ ကျေးလက်ဒေသကနေ လာရောင်းကြတာပါ။ ‌ဒေသထွက် ဆန်တွေသာ မရှိရင် ကျွန်တော်တို့တွေ အငတ်ဘေး ဆိုက်ရတော့မယ်”ဟု ပြောသည်။

ဒီဇယ်၊ ဓာတ်ဆီဈေးများ မြင့်မားလွန်းခြင်းကြောင့် ဒေသထွက် ဆန်လည်း တအိတ် ကျပ် ၆၀,၀၀၀ မှ ၁၄၀,၀၀၀ အထိ ဈေး မြင့်တက်နေပြီး ဒီဇယ်၊ ဓာတ်ဆီ ပြတ်လပ်ခြင်းကြောင့် ဆန်စက်များလည်း ရံဖန်ရံခါသာ အသုံးပြုနိုင်သည် ဟုလည်း ဆိုသည်။

တောင်ယာ၊ လယ်ယာမှ ထွက်ရှိသော ဆန်စပါးများနှင့် ဟင်းသီးဟင်းရွက်များကို မြို့ထဲ သို့ ရောင်းဝယ်ခြင်းများဖြင့် ဝင်‌ငွေ ရှာဖွေနေရသော်လည်း စစ်ကောင်စီတပ်၏ မြို့အဝင်ကို ပိတ်ဆို့မှုကြောင့် မြို့ထဲတွင် ရံဖန်ရံခါသာ ရောင်းဝယ်ခွင့် ရရှိကြသည်။

လက်ရှိတွင် ချင်းပြည်နယ်၏ ဒေသခံ ၇၀ ရာခိုင်နှုန်းကျော်သည် အစာရေစာပြတ်လပ်မှု ကြုံတွေ့ရမည့်ကိန်း ဆိုက်ရောက်နေပြီး ပြည်တွင်း၊ ပြည်ပရှိ အဖွဲ့အစည်းများ၏ အကူအညီလည်း မဲ့နေကြောင်း ချင်းလူမှု အဖွဲ့အစည်းများထံက သိရသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်ကို အသုံးပြု၍ စစ်ရေး အကျိုး အမြတ်ထုတ်နေပြီး ဖြတ်လေးဖြတ်ကြောင့် ပြည်သူလူထုသာ ရိက္ခာပြတ်လပ်မှု ဒဏ်ကို ခံနေကြရပါသည်။

လိုင်လင်းပီမြို့ ဒေသခံ ကိုနိုင်ထွန်းကလည်း“အဓိကကတော့ တော်လှန်ရေးဘက်မှာ အကျိုးအမြတ်ရတာ မရှိပါဘူး။ အကျိုးအမြတ်ရတာက စစ်ကောင်စီ ဘက်က ရတာပါ။ ပြည်သူတွေကို ဖိနှိပ်ပြီး ခက်ခဲလို့ရှိရင် တော်လှန်ရေး ဘက်ကလည်း ခက်ခဲလာမယ်။ တော်လှန်ရေး ဘက်က အားကိုးတာက ပြည်သူတွေရဲ့ ထောက်ပံ့ကူညီမှုကိုပဲ အားကိုး ကြတာလေ”ဟု ပြောသည်။

စစ်ကောင်စီ တပ်သည် စားနပ်ရိက္ခာ သယ်ပို့ရန်အတွက် လေကြောင်းကို အသုံးပြု နေသလို ပြည်သူလူထုထံမှ စားနပ်ရိက္ခာ များကို နိုင့်ထက်စီးနင်း အခမဲ့ ယူဆောင်မှုများလည်း ရှိနေကြောင်း သိရသည်။

ထိုသို့သော အခြေအနေများကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှု အပါအဝင် အကူအညီများ မရရှိပါက ရေရှည်တွင် ရပ်တည်နိုင်ရေးနှင့် နာလန်ထူနိုင်ရန် လွယ်ကူမည် မဟုတ်၍ ရသည့် နည်းလမ်းဖြင့် ကူညီပေးမှုများ ရရှိရန်လည်း ချင်းပြည်သူများက မျှော်လင့်နေကြပါသည်။

လက်ရှိအချိန်တွင်လည်း ချင်းပြည်သူများသည် စီးပွားရေး အပါအဝင် အဖက်ဖက်မှ ချွတ်ခြုံကျလာနေသော ဆိုးရွားသည့် အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေကြရပါသည်။ ။

#သတင်းဆောင်းပါး #စစ်အာဏာသိမ်း #ချွတ်ခြုံကျ #ချင်းဒေသလူမှုစီးပွားဘဝများ #Ayeyarwaddy_Times