ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ရက်
NUGနှင့် ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေသည်မှာ ၈ ရက်မြောက်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
ယနေ့ဖေဖော်ဝါရီ ၁၀ရက်နေ့တွင်လည်း နံနက် ၇ နာရီမှ နေ့လယ် ၁၂နာရီထိ စစ်ကောင် စီနှင့်တော်လှန်ရေးအဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့်နေအိမ်များ မီးလောင်းပျက်စီးမှု ရှိကြောင်းသိရသည်။
ထို့အပြင် ကောလင်းမြို့အတွင်းရှိ ပြည်သူတစ်ဦးကို စစ်ကောင်စီက ဓာတ်ဆီလောင်းမီးရှို့ ထားခဲ့၍ တော်လှန်ရေးအဖွဲ့များက ကူညီကယ်ဆယ်၍ဆေးကုသထားပြီး မည်သည့်ရွာက မည်သူ ဖြစ်ကြောင်းကို ဆက်လက်စုံစမ်းလျက်ရှိသည်ဟု Kawlin Revolutionက ဆိုသည်။
ယနေ့ နေ့လယ် ၁နာရီခန့်က ကန်ဘလူ ၆၀၀၆ တင့်ကားတပ်ရင်းမှ ပျူစောထီး(ပျူ)နှင့် စစ်ကောင်စီတပ်သားများကို ကောလင်းသို့အင်အားဖြည့်ရန်လာသည့် Mi-17 ရဟတ်ယာဥ်ကို ဝန်းသို ခမရ-၁၂၀ သို့ ဆင်းသက်ချိန်တွင် ကောလင်းကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ရဟတ်ယာဥ်ထိမှန်ပြီး ဆင်းသက်နေသည့် ပျူနှင့်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်းသိရသည်။
“ဟုတ်ပါတယ်။ Mi-17ကိုပစ်တာ ထိပါတယ် ပျူတွေအများအပြား သေကုန်ပါတယ်” ဟု ကောလင်းအင်ဖိုမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းကို အတည်ပြုသည်။
အဆိုပါ ရဟတ်ယာဉ်သည် မြေပြင်သို့ဆင်းသက်နေစဉ် လက်နက်ကြီး ထိမှန်ခြင်းဖြစ်၍ ပျက်ကျခြင်းမဟုတ်ကြောင်း သိရသည်။
“ရဟတ်ယာဥ်ကဆင်းနေတဲ့အချိန်ထိတာမို့ ပျက်ကျတာမျိုးမဟုတ်ဘူး။ ထိတော့ထိတယ် ပျူစောထီးတွေကို အင်အားဖြည့်ဖို့သယ်လာတာမို့ သေတာလည်း ပျူတွေပါပဲ” ဟု ကောလင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၉ရက်နေ့က ဝန်းသို ခမရ-၁၂၀ မှ စစ်ကားတစ်စီး ဝန်းသို ပေကုန်းရွာသို့ အင်အားလာရောက်ဖြည့်တင်းခဲ့ကြောင်းသိရသည်။
ထို့အပြင် ယမန်နေ့ ညနေ ၄နာရီအချိန်က ကောလင်းမြို့အတွင်းသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်း ကုက္ကိုကုန်းရွာမှ အမျိုးသမီး တစ်ဦး၏ ခြေထောက်ကို လက်နက်ကြီးကျည်စထိမှန်ခဲ့ကြောင်းသိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ဝန်းသို ခမရ ၁၂၀နှင့် ၁၁၁တို့မှကောလင်းမြို့အတွင်း လက်နက်ကြီးများနှင့်ပစ်ခတ်ပြီး တိုက်ပွဲဧရိယာမဟုတ်သည့် ကောလင်းမြို့အနောက် ဘက်ချောင်းခြားရွာကို လေယာဥ်နှင့်လာရောက်ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ပုံစာ – စစ်ကောင်စီလေတပ်သုံး Mi 17 ရဟတ်ယာဥ်အားတွေ့ရစဉ် (ပုံဟောင်း)
#ကောလင်း #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #ဝန်းသိုခမရ #Mi17ထိမှန် #ပျူစောထီးထိခိုက်သေဆုံး #Ayeyarwaddy_Times