နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၁၀ ရက်
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီသည် အာဏာသိမ်းမှုကို ဆန့်ကျင်တွန်းလှန်သော ပြည်သူလူထုကို အငြိုးအတေးထား၍ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုအပါအဝင် လူမဆန်သည့် ရက်စက်မှုများကို လုပ်ဆောင်ခြင်းဖြင့် အကြောက်တရား ရိုက်သွင်းလာကြောင်း တပ်မတော်သား CDM အရာရှိများနှင့် လေ့လာသူများက ပြောကြားသည်။
စစ်တပ် အာဏာသိမ်းထားသည့် ၃ နှစ်ကျော်အတွင်းတွင် စစ်ရာဇဝတ်မှု မြောက်များစွာ ကို ကျူးလွန် လျက်ရှိသော စစ်ကောင်စီသည် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ အပြင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုများလည်း ပိုမိုလုပ်ဆောင်လာရာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်း (ပျူ)ရွာတွင် ဖမ်းဆီးခံခဲ့ရသည့် YDF ရဲဘော်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုသည်လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။
“သူတို့ရဲ့ ရှုံးနိမ့်မှုတွေကို ကလဲ့စားချေတာမျိုး လုပ်တဲ့အနေအထားပေါ့။ ဒါပေမယ့် အဲဒီလုပ်ရပ်က တကယ်တမ်း သူတို့အတွက် လုံးဝမှားသွားတယ်ပေါ့နော်။ အခုချိန်မှာ တော့ သူတို့ရဲ့ အမှားကို ပြင်လို့မရတော့ဘူး။ လူထုကစစ်တပ်ဆိုရင် ဘယ်လိုအနေ အထားဖြစ်စေ လက်နက်ချတဲ့ စစ်သားဆိုရင်တောင်မှပဲ လက်ခံလိုစိတ် ရှိမှာမဟုတ် တော့ဘူး။ အဲဒီအနေအထားကို တွေ့ရပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ပျူစောထီး (ပြည်သူ့စစ်)တို့သည် အပြစ်မဲ့ အရပ်သား များကို ပစ်မှတ်ထားကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လေ့ရှိရာမှ ယခုကာကွယ်ရေး တပ်ဖွဲ့ဝင် နှစ် ဦး ဖြစ်စဉ်သည် ပထမဆုံး ရုပ်သံနှင့်တကွ ထွက်ပေါ်လာ သော လူမဆန်သည့် လုပ်ရပ်တစ်ခုပင်ဖြစ်သည်။
“နောက်တစ်ခုက သူတို့က ဒါတစ်ချက်ခုတ် နှစ်ချက်ဖြတ်ပေါ့နော်။ သူတို့ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို ပျူစောထီးတွေကနေ လုပ်လိုက်တယ်။ အဲဒီတော့ စစ်တပ်ထဲက သူတွေကိုလည်း မင်းတို့ကောင်တွေ အဖမ်းခံရရင် ကာကွယ် ရေးတပ်ဖွဲ့တွေ(PDF)က ပြန်လုပ်မှာပဲ။ အဲဒီတော့ မင်းတို့ကောင်တွေ အဖမ်းခံဖို့တော့ မစဉ်းစားနဲ့ ရအောင်တိုက်ဆိုတဲ့ mind-set နှစ်မျိုး ပေးလိုက်တယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
အဆိုပါ လုပ်ရပ်အပါအဝင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့သော ကလေး လေးဦး အပါအဝင် ၅ ဦး သေဆုံးပြီး ပြည်သူ ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒီမော့ဆိုမြို့နယ် စာသင်ကျောင်းနှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့် စစ်ရှောင် နေကြသည့် ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်အပါအဝင် အမျိုးသမီး သုံးဦး၊ ကိုယ်ဝန် အတွင်း သန္ဓေသားလောင်း တစ်ဦးနှင့် အမျိုးသား တစ် ဦး၊ စုစုပေါင်း ရှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ရှားတောမြို့ဖြစ်စဉ် စသည်တို့ကိုလည်း စစ်ကောင်စီက ပုံမှန်အတိုင်း ငြင်းဆိုထားသည်။
အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများသည် ပြည်သူလူထုကို အကြောက်တရားဖြင် လွှမ်းမိုး နိုင်ရန်နှင့် တော်လှန်ရေးအင်အားစုများအကြား သွေးကွဲ၍ ပဋိပက္ခများ ဖြစ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေလုပ်တာက အခုမှစလုပ်တာတော့ မဟုတ်ပါဘူး။ အဓိကကတော့ လူတွေကို အကြောက်တရားနဲ့ လွှမ်းမိုးနိုင်ဖို့ရယ်၊ ဒီလိုရက်စက်မှုတွေကို နာကျဉ်းပြီး စိတ်ခံစားမှုတွေနဲ့ တုံ့ပြန်ခလဲ့ စားချေတာတွေ လုပ်လာရင် အမှားတွေ ထောက်ပြပြီး တော်လှန်ရေးနဲ့ တော်လှန်သူတွေ နာမည်ပျက်အောင် လုပ်ဖို့ဖြစ်တယ်။ တုံ့ပြန်မှု လုပ်သင့်တယ်/မလုပ်သင့်ဘူး ဝိရောဓိတွေနဲ့ တော်လှန်သူတွေကြား သွေးကွဲပြီး ပဋိပက္ခတွေ ဖြစ်လာဖို့ ရည်ရွယ်ပြီး လုပ်တယ်လို့ သမိုင်းအဖြစ်အပျက်တွေနဲ့ ယှဉ်ကြည့်ပြီး ယူဆလို့ရပါမယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။
စစ်ကောင်စီ၏ လုပ်ရပ်များသည် လက်ရှိအခြေအနေအရ ကြောက်ကန်ကန်မှုကို ပြသနေပြီး တစ်နည်းအားဖြင့် ကြောက်ရွံ့မှုကြောင့် လူမဆန်စွာ ရက်စက်နေခြင်းဖြစ်ကာ ပြည်သူလူထုအပေါ် နာကြည်းမုန်းတီးမှု သည်လည်း ပိုမိုများလာကြောင်း CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။
“သူတို့က ရှုံးလေလေ ပိုပြီးတော့ အခုလိုမျိုး နာကြည်းမှု ပိုများလေလေ ဆိုတာကို ပြပါတယ်။ ဆိုတော့ သူတို့ ဒီလိုမျိုး တစ်ယောက်စ နှစ်ယောက်စကတော့ ဆက်ပြီး ထပ်ပြီးတော့လည်း ရှိကောင်းရှိလာနိုင်ပါသေးတယ်ပေါ့နော်။ သို့သော် ဒါဟာ စစ်ရာဇဝတ် မှု ဖြစ်တဲ့အတွက်ကြောင့်မို့ စစ်ကောင်စီက လုပ်လေလေ နိုင်ငံတကာမှာလည်း သူတို့ဟာ စစ်ရာဇဝတ်သားတွေ ဖြစ်တယ်ဆိုတာ ပိုပြီးပေါ်လွင်လာလေဖြစ်တယ်။ ပြည်သူတွေရဲ့ အသဲနှလုံးထဲမှာလဲ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့သူတွေဟာ ဘယ်လောက်ထိ ယုတ်မာ ရိုင်းစိုင်းတယ်ဆိုတာကို ပိုပြီးတော့ ပေါ်ပေါ်လွင်လွင် ဖြစ်သွားပါတယ်ဗျ” ဟု ၎င်းက ဆိုသည်။
ထို့အတူ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းအတွင်း မီးရှို့ဖျက်ဆီးခြင်းများ၊ တာတိုင် ကျေးရွာရှိ ဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည့် တပ်မ (၉၉)မှ ဘီလူးစစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းအတွင်း ပြည်သူများကို ခေါင်းဖြတ်သတ်ခဲ့သည့် ကျားဘီလူးစစ်ကြောင်း စသည်တို့ဖြင့်လည်း ပြည်သူလူထုကို အကြောက်တရား ရိုက်သွင်းရန် လုပ်ဆောင်ခဲ့သေးသည်။
ပုံစာ-အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ပုံဟောင်း)
#စစ်ရှုံးစစ်ကောင်စီ #လူမဆန် #ရက်စက်သတ်ဖြတ်မှုများ #ပြည်သူလူထု #အကြောက်တရားရိုက်သွင်း #Ayeyarwaddy_Times