
ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ ဖေဖော်ဝါရီ ၉ ရက်
ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားသော ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် AAက ဂိတ်အများအပြားထားရှိပြီး ဒေသခံများ၏ မှတ်ပုံတင်များကို တင်းကြပ်စွာ စစ်ဆေး၍ ဒေသခံများအနေဖြင့် လွတ်လပ်စွာ သွားလာခွင့်မရကြောင်း သတင်းရရှိသည်။
ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော ပလက်ဝ-ကျောက်တော်(ရေလမ်း/ကုန်းလမ်း) တို့ကို ပိတ်ပင်ထားပြီး အိန္ဒိယနိုင်ငံ၊ မီဇိုးရမ်ဘက်မှစားသောက်ကုန်များကို ဒေသခံများက ဝယ်ယူတင်သွင်းလျက်ရှိရာ အဆိုပါ ရှင်းလက်ဝလမ်းကြောင်းတွင် ရက္ခိုင့်တပ်တော်(AA)က ဂိတ်ထိုး၍ အခွန်ကောက်ခံနေကြောင်းဒေသခံများထံမှ သိရသည်။
“ကျွန်တော်တို့ကို ပြောထားတာတော့ရှိတယ်။ ဂိတ်တွေ ဖြတ်တဲ့အချိန်မှာ ရခိုင်စကားမတတ်ဘူးဆိုရင် အထွက်၊အဝင်တွေ မပေးဘူးပေါ့နော်။ သူတို့ဂိတ်တွေမှာ ရခိုင်စကားပြောရမယ်ဆိုတဲ့ဟာ တချို့နေရာမှာရှိတယ်တဲ့။ ဒါပေမယ့် အဲ့ဒါတွေလည်း အထက်အမိန့်လား(ဒါမှမဟုတ်) မြေပြင်မှာလုပ်တဲ့ ရဲဘော်တွေကပဲ အဲ့လိုမျိုးလုပ်သလာပေါ့နော်” ဟု ပလက်ဝမြို့နယ်၊ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောကြားသည်။
ထို့အပြင် ရက္ခိုင့်တပ်တော်(AA)က ဂိတ်များတွင် မှတ်ပုံတင်များစစ်ဆေး၍ ခူမီးလူမျိုးစုများကို ပလက်ဝမြို့ပေါ်သို့ ဖြတ်သန်းသွားလာခွင့် တားမြစ်ထားကြောင်း သတင်းများထွက်ပေါ် နေသော်လည်း ဧရာဝတီတိုင်းမ်သတင်းဌာနအနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အဆိုပါဒေသများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)က အုပ်ချုပ်ရေး၊ စစ်ရေးဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ချင်းလဲန်းကောင်စီအနေဖြင့် ရေရှည်တွင် ဆွေးနွေးရမည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောဆိုသည်။
“ဒါကတော့ ကျွန်တော်တို့ ဆက်လက်သယ်သွားရမယ့် မူဝါဒချမှတ်ရေးဆိုင်ရာနဲ့ ဆက်လက်ပြီးတော့ ချင်းပြည်၊ ချင်းလဲန်းကောင်စီကရော ချင်းပြည်၊ ချင်းလဲန်းအစိုးရအဖွဲ့သက်ဆိုင်ရာအားလုံးကနေပြီးမှ ကျွန်တော်တို့ ရေရှည်မှာ ဆွေးနွေးအကောင်အထည်ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒီကာလမှာတော့ ကျွန်တော်တို့ အဲ့လောက်ထိ မှတ်ချက်ပြုစရာမရှိပါဘူး” ဟု ချင်းလဲန်ကောင်စီအတွင်းရေးမှူး ဆလိုင်းပေါလ်က ပြောကြားသည်။
ရက္ခိုင့်တပ်တော်(AA)မှ ပလက်ဝမြို့ပေါ်တွင် အုပ်ချုပ်ရေး ယန္တရားများဆောင်ရွက်မှုနှင့် အခိုင်အမာ တပ်ချမှုအပေါ် ချင်းပြည်သူလူထုကြားတွင် ဝေဖန်မှုအမျိုးမျိုးဖြစ်ပေါ်နေပြီး ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်ထဲသို့ ထည့်သွင်းသွားမည်ကိုလည်း စိုးရိမ်နေကြသည်။
“အခုချိန်မှာ တော်လှန်ရေးကာလမို့လို့ တော်လှန်ရေးလုပ်တာက လွဲလို့ ကျန်တဲ့ နယ်မြေကိစ္စတွေကို ပြောဖို့၊ မှတ်ချက်ပေးဖို့ ဘာမှမရှိဘူး။ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံရေးအင်အားစုတွေကလည်းပဲ အချိန်တန်ရင်တော့ ထုတ်ပြန်ချက်တွေ ထုတ်လာမှာပါ။ ကျွန်တော်တို့က အခုချိန်တော်လှန်ရေးကာလဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ စစ်ကောင်စီကို ချေမှုန်းဖို့က နံပါတ်တစ်ပေါ့လေ။ အခုနယ်မြေကိစ္စတွေဆိုတာကလည်း ဉပဒေကပဲ စကားပြောမှာပါ။ ကျွန်တော်တို့ကတော့ တော်လှန်ရေးအလွန်မှာ ဖွဲ့စည်းပုံအခြေခံဉပဒေ အရသော်လည်းကောင်း၊ လက်ရှိအနေအထားရ သော်လည်းကောင်း ပလက်ဝဆိုတာ ချင်းပြည်နယ်ပါပဲ” ဟု ပလက်ဝမြို့နယ်၊ ဆမီးမြို့ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။
ရက္ခိုင့်တပ်တော်(AA)သည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပြင် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်နှင့် ကန်ပက်လက်မြို့နယ်အထိ စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်လျက်ရှိကြောင်းသိရသည်။
ဓာတ်ပုံ-ပလက်ဝ- မီဇိုးရမ်ပြည်နယ်၊ နယ်စပ်ရှင်းလက်ဝတွင် AAမှ ဂိတ်ဖွင့်လှစ်ပုံ။
#ပလက်ဝမြို့နယ် #ရက္ခိုင့်တပ်တော်AA #မှတ်ပုံတင် # ချင်းလဲန်ကောင်စီ #အတွင်းရေးမှူး #ဆလိုင်းပေါလ်# #Ayeyarwaddy_Times