
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
အာဏာသိမ်း စစ်ကောင်စီက နေ့စဉ်နှင့်အမျှ စစ်ရာဇဝတ်မှုများ ကျူးလွန်နေမှုအပေါ် အရေးယူရန် နှောင့်နှေးနေခြင်းက ထပ်မံကျူးလွန်ရန်အတွက် ဖန်တီးပေးရာရောက်ပြီး နိုင်ငံတကာအနေဖြင့် ပြည်သူလူထု မည်မျှ ဆက်၍ သေကြေပေးရမှ အရေးယူမည်နည်းဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မေးခွန်းထုတ်ခဲ့သည်။
ထိုအတွက် နိုင်ငံတကာကို ပိုမိုထိရောက်သည့် ကိစ္စရပ်များ လုပ်ဆောင်ရန် တိုက်တွန်းတောင်းဆိုလိုကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဒီမော့ဆိုမြို့နယ် စာသင် ကျောင်းနှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ(IEC)နှင့်အတူ ဖေဖော်ဝါရီ ၈ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။
“ကျူးလွန်တဲ့ ရာဇဝတ်သားတွေကို အရေးယူဖို့အတွက် နှောင့်နှေးနေခြင်းက ရာဇဝတ်မှုတွေကို ထပ်မံကျူးလွန်ဖို့အတွက် ဖန်တီးပေးရာ ရောက်တယ်ဆိုတာ နိုင်ငံတကာက သဘောပေါက်ဖို့ လိုအပ်နေပါပြီ။ ကျွန်တော် တို့ ပြည်သူတွေ ဘယ်လောက်အထိ ဆက်ပြီးတော့ သေကြေပေးရဦးမှာလဲ၊ ကျောင်းခန်းထဲက ကလေးတွေ ဘယ်နှစ်ကြိမ်ထပ်ပြီးတော့ ဗုံးကြဲခံထိရမှာလဲ။ သေဆုံးသွားတဲ့ ကလေးတွေရဲ့ အလောင်းတွေကြည့်ပြီး မိဘ တွေ ဘယ်လောက်အထိ ကြေကွဲရဦးမှာလဲ” ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုသည်။
စစ်ကောင်စီသည် ဒီမော့ဆိုမြို့နယ်၊ အနာက်ဘက်အခြမ်းရှိ ဒေါဆီအီရွာနှင့် လွိုင်နန်းဖရွာမှ စာသင်ကျောင်းနှစ်ကျောင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်၊ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က တိုက်လေယာဉ်ဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၁၁ နှစ်မှ ၁၃ နှစ်ကြားရှိ ကလေး လေး ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး ပြည်သူ ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် လွိုင်ကော်ဘက်တွင် အခြေချသည့် စစ်ကောင်စီတပ်ကလည်း စာသင်ကျောင်းများရှိရာသို့ ၁၂၀ မမအပါအဝင် လက်နက်ကြီးများဖြင့် အနည်းဆုံး ခြောက် ကြိမ် ပစ်ခတ်ခဲ့ပြီး အဆိုပါလုပ်ရပ်များနှင့် ပတ်သက်၍ စစ်ကောင်စီကမူ ၎င်းတို့အနေဖြင့် လေကြောင်းပျံသန်းမှု မရှိသလို သတင်းအမှားသာ ဖြစ်သည်ဟု တုံ့ပြန်ငြင်းဆိုထားသည်။
“အဲဒီဖြစ်တဲ့ မနက်တခွင်လုံးမှာ တိုက်ပွဲက အဲဒီနားမှာ မရှိခဲ့ပါဘူး။ တိုက်ပွဲက ၄ ရက်နေ့ညမှာ လွိုင်ကော်မြို့မှာတော့ တိုက်ပွဲနည်းနည်း ဖြစ်တယ်လို့ သိရတယ်။ တိုက်ပွဲအကြီးအကျယ် မဟုတ်ဘူး။ လွိုင်ကော်နဲ့ ဒီမော့ဆိုက ၁၀ မိုင်ဝေးပါတယ်။ အဲဒီ ၁၀ မိုင်ဝေးတဲ့ တိုက်ပွဲမရှိတဲ့ ဒီနေရာကို ဘာကြောင့်ဗုံးကြဲသလဲဆိုတဲ့ မေးခွန်းကို ကျွန်တော်တို့ ပြန်မေးရလိမ့်မယ်” ဟု IEC အတွင်းရေးမှူး-၂ ဗညားခွန်အောင်က ပြောသည်။
စစ်ကောင်စီသည် ဒရုန်းများဖြင့် ကင်းထောက်ပြီး ကလေးငယ်များရှိနေသည့် စာသင်ကျောင်းမှန်းသိလျက် ဗုံးကျဲခဲ့ခြင်းဖြစ်သောကြောင့် အဆိုပါလုပ်ရပ်သည် ကလေး၊ သူငယ်များကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် သတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည်မှာ လွန်စွာထင်ရှားကြောင်း NUG က ထုတ်ပြန်ပြောဆိုသည်။
“အဲဒီနေ့က ကျောင်းမှာ Grade-9ကလေးတွေကို စာသင်နေတဲ့အချိန်မှာ အသံတစ်ခု ကြားလိုက်သလိုပဲဆိုပြီး ထွက်ကြည့်ဖို့ လုပ်နေတုန်း လေယာဉ်က ဗုံးကြဲသွားတယ်။ ကျွန်မမျက်နှာကို မှန်စတွေ လာစင်တယ်။ အဲဒီအချိန် မှာ ကျွန်မက အခြားအခန်းတွေကို သွားကြည့်ဖို့လည်း အချိန်မရတာကြောင့် ကိုယ့်အခန်းထဲက ကလေးတွေကို ဝပ်နေကြဖို့ပဲ ပြောလိုက်တယ်။ ကျွန်မလည်း ဝပ်နေရင်း အခြားအခန်းတွေ ဘာဖြစ်သလဲဆိုပြီး နားစွင့်ကြည့်တော့ ကလေးတွေက အရမ်းကို အော်ဟစ်ငိုနေတယ်” ဟု မျက်မြင်သက်သေဖြစ်သူ ကျောင်းတာဝန်ခံ ဆရာမက ပြောသည်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ စစ်ကောင်၏ ကျုးလွန် မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားမည်ဟု ပြောသည်။
အာဏာသိမ်း ၃ နှစ်အတွင်း စစ်ကောင်စီသည် ကလေးသူငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကျဲခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့ကာ လေကြောင်း တိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၅၂)ကျောင်း ပျက်စီးခဲ့ရပြီး အခြားသော အကြောင်းများကြောင့် ပျက်စီးခဲ့ရသည့် ကျောင်းပေါင်း (၁၉၉)ကျောင်း ရှိခဲ့ပြီဖြစ်သည်။
ထို့အပြင် စစ်ကောင်စီ၏ နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော အသက်(၁၈)နှစ်အောက် ကလေးငယ် (၆၃၀)ဦးကျော် ရှိပြီး စာသင်ကျောင်းများ ၊ ဘာသာရေး အဆောက်အဦများနှင့် ကလေးငယ်များ ကို ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခြင်းသည် လူမဆန်သည့်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ရာရောက်သော လုပ်ရပ်ဖြစ်ကြောင်း NUG က ဆိုသည်။
#အမျိုးသားညီညွတ်ရေးအစိုးရ #NUG #စစ်ကောင်စီ #ဒီမော့ဆိုမြို့နယ် #ဒေါဆီအီရွာ #လွိုင်နန်းဖရွာ
#Ayeyarwaddy_Times