ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၉ ရက်
မကွေးတိုင်းမြောက်ပိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် YDF ရဲဘော် နှစ်ဦး အရှင်လတ်လတ်မီးရှို့သတ်ခံခဲ့ရသည့် ဖြစ်စဉ်မှာ စစ်ကောင်စီလက်ချက်သာဖြစ်ကြောင်း Burma Affairs & Conflict Study က လူမှုကွန်ရက် သက်သေအထောက်အထားများနှင့် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့က လူမှုကွန်ယက်တွင် ပျံ့နှံ့လာသည့် ရုပ်သံဗီဒီယိုတွင် ပျူစောထီး (ပြည့်သူ့စစ်)များ အခြေစိုက်ရာ မြောက်ခင်ရန်းရွာ၌ YDF တပ်ဖွဲ့ဝင်နှစ်ဦးအား ညှင်းပန်းနှိပ်စက်ကာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ် ခံရခြင်းကို စစ်ကောင်စီနှင့် ၎င်းတို့ လက်အောက်ခံ စစ်လော်ဘီများ၊ ဝါဒဖြန့်ချန်နယ်များတွင် PDF အချင်းချင်း သတ်ဖြတ်ခြင်းသာဖြစ်ကြောင်း ဝါဒဖြန့်ပြောဆိုနေကြချိန် ယခုကဲ့သို့ အစီရင်ခံစာ ထုတ်ပြန်လာခြင်း ဖြစ်သည်။
အကြမ်းဖက် စစ်ကောင်စီက မည်ကဲ့သို့ပင်မျက်နှာပြောင်တိုက်စွာ ငြင်းဆိုနေစေကာမူ ၎င်းတို့စစ်လော်ဘီများ၏ လူမှုကွန်ရက်စာမျက်နှာ ပို့စ်များမှတဆင့် အရေးကြီးသည့် သက်သေအထောက်အထားများကို BACS က ဖော်ထုတ်ခဲ့သည်။
သက်သေအထောက်အထား-၁
စစ်ကောင်စီလက်အောက်ခံ ဝါဒဖြန့် မီဒီယာတစ်ခုဖြစ်သည့် People Media တွင် PDF တပ်ဖွဲ့ဝင် နှစ်ဦး ကို အရှင်ဖမ်းဆီးရမိကြောင်း ပြီးခဲ့သည့် ၂၀၂၃၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖော်ပြခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည်ဖျက်သွားခဲ့ကြောင်း BACS က ဖော်ပြချက်အရသိရသည်။
သက်သေအထောက်အထား-၂
အဆိုပါအကြောင်းအရာကို ဖျက်သွားသော်လည်း Facebook လူမှုကွန်ယက် စာမျက်နှာတွင် ပြန်လည်ကူးယူသူ အများအပြားရှိခဲ့ပြီး ၎င်းတို့တင်ခဲ့သည့် ဓာတ်ပုံများကို တိုက်ဆိုင်စစ်ဆေးကြည့်ရာတွင် အရှင်ဖမ်းမိသည့် လူငယ်နှစ်ဦးမှာ ယခုသတ်ဖြတ်ခံရသည့် ရုပ်သံတွင် ပါရှိသည့် မီးရှို့သတ်ဖြတ်ခံရသည့် YDFတပ်ဖွဲ့ဝင် နှစ်ဦးဖြစ်ကြောင်း သိရသည်။
သက်သေအထောက်အထား-၃
ထို့ပြင် စစ်လော်ဘီ ဝါဒဖြန့် ချန်နယ် နှစ်ခုဖြစ်သည့် “Ko Thet” နှင့် “မဟူရာ မြွေဟောက်” တယ်လီဂရမ်တို့တွင် မြောက်ခင်ရန်းရွာတိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် PDF များနှင့် အတူ အရှင်ဖမ်းဆီးရမိသူ နှစ်ဦးကို ဓာတ်ပုံများဖြင့် ဖော်ပြခဲ့ကြပြီး ဖမ်းဆီးခံရသူနှစ်ဦးမှာ မီးရှို့သတ်ခံရသူ နှစ် ဦးဖြစ်ကြောင်း ဓာတ်ပုံမှတ်တမ်းများအရ တိုက်ဆိုင်စ်စဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
သက်သေအထောက်အထား-၄
မြောက်ခင်ရန်းကျေးရွားသားဖြစ်သူ ကြံ့ခိုင်ရေးအမတ်ဟောင်း ဘူးလက်လှဆွေမှလည်း မြောက်ခင်ရန်းတိုက်ပွဲအကြောင်းကို နိုဝင်ဘာ ၇ ရက်နေ့က ရေးသားခဲ့ရာတွင် ၎င်းကို ထောက်ခံသူမှ မီးရှို့သတ်ဖြတ်ခံရသူ လူငယ်နှစ် ဦး ပါဝင်သည့် ပုံကို ဝင်ရောက်မှတ်ချက်ပြု မျှဝေခဲ့ကြောင်း သိရသည်။
သက်သေအထောက်အထား-၅
မြောက်ခင်ရန်းရွာမှ ပျူစောထီး (ပြည်သူ့စစ်) ခေါင်းဆောင်ဟု ယူဆရသူတဦး၏ လူမှုကွန်ယက်တွင် တင်ထားသည့် ပျူစောထီးများ စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် နေရာမှာ YDF ရဲဘော် နှစ် ဦး သတ်ဖြတ်ခံရသည့် နေရာနှင့် ထပ်တူကျနေကြောင်းလည်း တွေ့ရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
သက်သေအထောက်အထား-၆
ထွက်ပေါ်လာသည့် ရုပ်သံဖိုင်အတွင်း ဖမ်းဆီးခံထားရသည့် YDF ရဲဘော် နှစ် ဦး အနီးတွင် စစ်ဖိနပ် ဝတ်ထားသူ တဦးမှ RPG တလက်ကို လွယ်ထားသည်ကိုတွေ့ရပြီး RPG တွင်ပါရှိသည့် အမှတ်အသားမှာ စစ်တပ်က ထုတ်ပေးထားသည့် လက်နက်များတွင် တပ်ရင်းဌာန နံပါတ်များကို ရေးသားသည့်ပုံစံဖြစ်သည့်အတွက် စစ်ကောင်စီ တပ်သားများလည်း ပါဝင်ပတ်သတ်နေသည်မှာ ထင်ရှားကြောင်း သိရသည်။
စစ်ကောင်စီက ၎င်းတို့မဟုတ်ကြောင်း လိမ်လည်ရေးသား ပြောဆို ငြင်းဆန်နေသော်လည်း ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် မြောက်ခင်ရန်းရွာမှာ ပြည်သူ့စစ်အင်အားကောင်းသည့်ကျေးရွာတစ်ခုဖြစ်ပြီး မြောက်ခင်ရန်း ကျေးရွာရှိ ပျူစောထီး(ပြည်သူ့စစ်) များကို ကြံခိုင်ရေးအမတ်ဟောင်း ဦးလှဆွေမှ ဖွဲ့စည်းပေးကာ လက်နက်တပ်ဆင်ပေးထားပြီး ဒေသကွပ်ကဲရေးစစ်ဌာနချုပ် ဒကစ (ကလေး) က အခြေခံစစ်သင်တန်းများ ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဓာတ်ပုံ – Burma Affairs & Conflict Study
#မြောက်ခင်ရန်း #ဂန့်ဂေါ #စစ်ကောင်စီငြင်းဆို #ပြည်သူ့သစ် #အရှင်လတ်လတ်မီးရှို့သတ်ဖြတ် #YDF #ဦးလှဆွေ #BACS #Ayeyarwaddy_Times