
ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဖေဖော်ဝါရီလ ၉ ရက်
ဒီရက်ပိုင်း ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတစ်ခုကြောင့် ပြည်တွင်းပြည်ပ အနယ်နယ်အရပ်ရပ်က မြန်မာပြည်သူတွေ စိတ်ဆိုးဒေါသထွက်နေကြပါတယ်။ အဲ့ဒီရုပ်သံကတော့ ဂန့်ဂေါဒေသက PDF လူငယ်နှစ်ဦး ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်တဲ့ရုပ်သံပဲ ဖြစ်ပါတယ်။
သစ်ပင်မှာ တွဲလောင်းကြိုးနဲ့ချည်ပြီး အရှင်လတ်လတ် ဓာတ်ဆီလောင်း မီးရှို့အသတ်ခံရတဲ့ လူငယ်နှစ်ဦးရဲ့ နာကျင် အော်ညည်းသံ၊ အရှင်လတ်လတ် အသားတွေတဗျစ်ဗျစ်မြည် မီးတွေလောင်ကျွမ်းပြီး သေပွဲဝင်ခဲ့ရတဲ့ လူငယ်နှစ်ဦးရဲ့ ဘ၀ နောက်ဆုံးအချိန်ကို မြင်တွေ့ရသူတိုင်း စိတ်မကောင်းဖြစ်ကြရ၊ စိတ်နှလုံး ညှိုးနွမ်းထိခိုက်ခဲ့ကြရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီရွာဟာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း စစ်တပ်အရာရှိဟောင်း ဘူးလက်လှဆွေရဲ့ဇာတိရွာလည်း ဖြစ်ပါတယ်။ အဲ့ဒီရွာက ပြည်သူ့စစ်အဖွဲ့ကိုလည်း ဘူးလက်လှဆွေကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ကို ထောက်ခံသူတွေအများအပြားရှိပြီး စစ်တပ်ကလက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးရွာလည်း ဖြစ်ပါတယ်။
ယောဒေသကာကွယ်ရေးတပ်ရဲ့ထုတ်ပြန်ချက်အရ အရှင်လတ်လတ် မီးရှို့အသတ်ခံရတဲ့ PDF လူငယ် ၂ ယောက်က ရဲဘော် ဖိုးတေနဲ့ ရဲဘော် သားထောင်တို့ ဖြစ်ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က မြောက်ခင်ရန်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ဖမ်းဆီးခြင်းခံခဲ့ရပြီး အခုလို လူမဆန်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီလိုလူမဆန်တဲ့သတ်ဖြတ်မှု ကျူးလွန်သူတွေဟာ မြောက်ခင်ရန်းရွာ ပျူစောထီးခေါင်းဆောင် ထက်ဝေဦးရဲ့ အဖွဲ့နဲ့အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းပါဝင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောကြပါတယ်။ အဲ့ဒီရုပ်သံဟာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကိုယ်တိုင် ရိုက်ကူးထားတာဖြစ်ပြီး PDF တပ်တွေထံ အလင်းဝင်သွားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဆီကို ခြိမ်းခြောက်တဲ့အနေနဲ့ပေးပို့ရာကနေတဆင့် အခုလို တနိုင်ငံလုံးကို ပျံ့နှံ့ခဲ့တာဖြစ်ကြောင်း ဒေသခံတွေက ဆိုပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုက ရုပ်သံဖိုင်နဲ့တကွ ထွက်ပေါ်လာချိန်မှာ အာဏာသိမ်း စစ်တပ်က ထုံးစံအတိုင်း ဖင်ပိတ်ငြင်းပါတော့တယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြောက်ခင်ရန်းရွာမှာ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်း၊ PDF တွေ အကျအဆုံးများစွာနဲ့ ထွက်ပြေးဆုတ်ခွာသွားခဲ့ကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဆက်လက်ပြီး အဆိုပါတိုက်ပွဲအတွင်းမှာ အရှင်ဖမ်းဆီးရမိသူမရှိကြောင်းနဲ့ ဒီလုပ်ရပ်ကို သူတို့ကျူးလွန်တာ မဟုတ်ဘဲ PDF အချင်းချင်း နယ်မြေလုရင်း သတ်ဖြတ်တာဖြစ်ကြောင်း ထုံးစံအတိုင်း ငြင်းပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ လူမဆန်တဲ့စစ်ရာဇဝတ်မှုတွေ ကျူးလွန်ပြီးတိုင်း သူတို့မဟုတ်ကြောင်း ဗြောင်လိမ်ပြီးငြင်းနေကျမို့ မြန်မာပြည်သူတွေအတွက် သိပ်တောင်မထူးဆန်းတော့တဲ့ကိစ္စလို ဖြစ်နေပါပြီ။
ထူးဆန်းတာကတော့ ဘီဘီစီ မြန်မာပိုင်းဌာနရဲ့ သတင်းတင်ဆက်မှုပါပဲ။ ဘီဘီစီက အဲ့ဒီသတင်းကို ဖော်ပြခဲ့ရာမှာတော့ “မြောက်ခင်ရန်းက လူမဆန်တဲ့သတ်ဖြတ်မှု အပြန်အလှန် စွပ်စွဲနေ”ဆိုပြီး YouTube Channel မှာ ဖော်ပြခဲ့သလို Facebook Page မှာ သတင်းတင်ရာမှာ “မြောက်ခင်ရန်းသတ်ဖြတ်မှု လက်သည်မပေါ်”လို့ ဖော်ပြခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ လူမဆန်တဲ့သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်ဆိုတာ မြန်မာ့နွေဦးတော်လှန်ရေးတလျှောက် သက်သေပေါင်းများစွာနဲ့ ထင်ရှားခဲ့တယ်။ အဲ့လိုကျူးလွန်လေ့ရှိတဲ့ စစ်တပ်နဲ့ သူ့လက်အောက်ခံ ပျူစောထီးတွေလက်ထဲကို PDF လူငယ် ၂ ယောက် ကျရောက်ခဲ့တယ်၊ စစ်ယူနီဖောင်းဝတ်ထားသူတွေက လူငယ် ၂ ဦးကို အရှင်လတ်လတ် မီးရှို့သတ်တာ ရုပ်သံဖိုင်နဲ့တကွ ထွက်ပေါ်လာတယ်၊ ရုပ်သံဖိုင်မှာလည်း “PDF က ခွေးတွေပါ”၊ “အရေးတော်ပုံ ကျဆုံးပါစေ”ဆိုပြီး အော်ခိုင်းခဲ့တာတွေ၊ ယော PDF ကိုယ်တိုင်က သူတို့ရဲဘော် ၂ ဦး မြောက်ခင်ရန်းတိုက်ပွဲမှာ ကျဆုံးခဲ့တယ်ဆိုတာ အတည်ပြုထားတာတွေစတဲ့ သက်သေခံအချက်တွေကို ပေါင်းစပ်လိုက်တဲ့အခါ ဒီလုပ်ရပ်ကို စစ်တပ်နဲ့ ပျူစောထီးတွေ ကျူးလွန်တယ်လို့ယူဆနိုင်တဲ့အချက်တွေ အများကြီးထင်ရှားနေပါတယ်။
သတင်းသမားဟာ ဘက်မျှအောင်တင်ဆက်ရမယ်၊ တရားရုံးတစ်ခုခုက အပြစ်ရှိကြောင်း ဆုံးဖြတ်မှုမတိုင်ခင် ပြစ်မှုကျူးလွန်ကြောင်းတရားခံအဖြစ် စွပ်စွဲတာမျိုး မလုပ်ရဘူးဆိုတဲ့ကျင့်၀တ်ရှိတာ မှန်ပါတယ်။
သို့သော် ဖုံးကွယ်နေတဲ့အမှန်တရားတွေ ပေါ်ပေါက်အောင်၊ အများပြည်သူ သိရှိအောင် သတင်းစာ အတတ်ပညာနဲ့ ဖော်ထုတ်လို့ရပါတယ်။ ငြင်းတဲ့လူက သေအောင်ဖင်ပိတ်ငြင်းနေပါစေ၊ သက်သေအထောက်အထား အချက်အလက်များစွာနဲ့ သိုင်း၀ိုင်းဖော်ပြတဲ့အခါ သတင်းတစ်ပုဒ်ဟာ ဖုံးကွယ်ထားတဲ့အမှန်တရားတွေကို ဖော်ထုတ်နိုင်ပါတယ်။
သတင်းထဲမှာ အထက်က ကျွန်တော်ရေးပြခဲ့တဲ့ ရုပ်သံဖိုင်ပါ သက်သေတွေ၊ နှစ်ဘက်ထုတ်ပြန်ချက်တွေနဲ့ ခိုင်မာတဲ့ဒေသခံတွေပြောစကားတွေနဲ့ စစ်တပ် ယခင်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုပါ Background Data အနေနဲ့ ရေးသားဖော်ပြလို့ရပါတယ်။
ဒီလိုထည့်သွင်းဖော်ပြပေးမယ်ဆိုရင် ဒီလုပ်ရပ်က ဘယ်သူ့ လက်ချက်လဲဆိုတာ စာဖတ်ပရိတ်သတ်တွေ စဉ်းစားဆုံးဖြတ်လို့ရသွားပါပြီ။ (တကယ်တော့ ဒီလိုရက်စက် ယုတ်မာတဲ့လုပ်ရပ်တွေ ကျူးလွန်တာ ဘယ်သူတွေလဲဆိုတာ မြန်မာပြည်သူတွေအားလုံး သိပြီးသားပါ။)
အခုက “နှစ်ဘက် အပြန်အလှန်စွပ်စွဲ”၊ “လက်သည်မပေါ်”ဆိုတာမျိုးတွေဟာ ဒီလို လူမဆန်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူ အဖွဲ့အစည်းအတွက် ဝိုင်းဝန်းဖာထေးပေးသလိုမျိုး ဖြစ်စေသလို အမြစ်မှန်တွေကို ဝေဝါးအောင် ကူညီ ပေးသလို ဖြစ်နေပါတယ်။ ဒါဟာ လုံး၀မဖြစ်သင့်ပါဘူး။
တည့်တည့်ပြောရရင် သတင်းတစ်ပုဒ်လုံးကို ခြုံငုံကြည့်တဲ့အခါ ဘီဘီစီဟာ သတင်းကို ဖော့ရေးထားတယ်။ အထူးသဖြင့် စစ်ကောင်စီကို ထိခိုက်စေမယ့်အသုံးအနှုန်းတွေ ရှောင်ရေးထားတယ်။ ပါသင့်တဲ့ အချက်အလက်တွေ အသံတွေ၊ မပါတာ တွေ့ရတယ်။
သတင်းရင်းမြစ်သုံးရာမှာလည်း ယောဒေသ ပကဖပြောစကားနဲ့ စစ်ကောင်စီငြင်းဆိုချက်ကို တည်ပေးပြီး PDF အချင်းချင်းသတ်တာပါဆိုတဲ့ စစ်ကောင်စီရဲ့တန်ပြန်စွပ်စွဲချက်ကို အသားပေးခဲ့တယ်။ တတိယမြောက် Source (သတင်းရင်းမြစ်) အဖြစ် ဘူးလက်လှဆွေကို သုံးထားတာ တွေ့ရတယ်။ ဘူးလက်လှဆွေဟာ မြောက်ခင်ရန်းရွာ ပြည်သူ့စစ် ဦးဆောင်ဖွဲ့ပေးခဲ့သူပါ။ သူ ဘယ်လိုလူလဲ၊ ဘယ်ဘက်က ရပ်တည်သူလဲဆိုတာ အားလုံး သိပြီးသားပါ။
သတင်းမှာ ဘူးလက်လှဆွေက စစ်ကောင်စီထုတ်ပြန်ချက်အတိုင်းပဲ အရှင်ဖမ်းမိသူမရှိကြောင်း၊ ဒီလို မီးရှို့သတ်တာ မရှိကြောင်းနဲ့ သူ့ဆီကို သတင်းပို့တာ မရှိပါဘူးဆိုပြီး ငြင်းပါတယ်။ အဲတော့ source (သတင်းရင်းမြစ်) အသုံးပြုမှုအရ PDF ဘက်က ဂန့်ဂေါပကဖ Source တစ်ခုပဲသုံးထားပြီး စစ်ကောင်စီဘက်ကိုတော့ ထုတ်ပြန်ချက်နဲ့ ဘူးလက်လှဆွေ စတဲ့ သတင်းရင်းမြစ်နှစ်ခု သုံးထားတာ တွေ့ရတယ်။
ဒါ့အပြင် အဆိုးရွားဆုံးအချက်ကတော့ သတင်းထဲမှာ စစ်ကောင်စီတပ် ယခင်က ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့ရာဇဝတ်မှုတွေအကြောင်း background data အချက်အလက် ဘာတစ်ခုမှ မထည့်ထားတာပါပဲ။
အခြေခံသတင်းရေးသားနည်းစနစ်ထဲမှာ အောက်ဆုံးအပိုဒ်မှာ ယခင်ဖြစ်ခဲ့တဲ့ အတိတ်ကဖြစ်ရပ်၊ အခြေအနေတွေကို ထည့်ပေးရမယ်ဆိုတာ သတင်းသမားတိုင်း သိကြပါတယ်။ ဘီဘီစီလို ကမ္ဘာ့အဆင့်သတင်းမီဒီယာကြီးဟာ အခြေခံသတင်းရေးနည်းအတိုင်းတောင် မှန်အောင်မရေးနိုင်တာ ဘာကြောင့်များပါလဲ။
အဲတော့ ဘီဘီစီသတင်းအရဆိုရင်
၁။ မြောက်ခင်ရန်းရွာမှာ PDF လူငယ်နှစ်ယောက် အရှင်လတ်လတ် မီးရှို့အသတ်ခံရမှုက မဖြစ်ပွားခဲ့သလို ဖြစ်နေတယ်။
၂။ လက်သည်မပေါ်ဆိုတဲ့ခေါင်းစဉ်အရ (ဘယ်အချက်ကိုကြည့်ပြီး လက်သည်မပေါ်လို့ ခေါင်းစဉ်ပေးသလဲတော့ ကျွန်တော်လည်းမပြောတတ်) ဒီလိုလူမဆန်တဲ့ စစ်ရာဇဝတ်မှုကျူးလွန်သူတွေကို ကာကွယ်ပေးသလို ဖြစ်နေတယ်။
၃။ နှစ်ဘက်အပြန်အလှန်စွပ်စွဲ ဆိုတဲ့အသုံးအနှုန်းအရ ဒေသခံ PDF တွေဟာလည်း ဒီလို လူမဆန်တဲ့ အကြမ်းဖက်မှု ကျူးလွန်တဲ့သံသယတရားခံစာရင်းထဲ ပါနေသလို ဖြစ်နေတယ်။
၄။ Background data မထည့်တာကြောင့် အာဏာသိမ်းစစ်တပ်ဟာ ယခင်က လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ဘာမှမကျူးလွန်ခဲ့ဘူးတဲ့အဖွဲ့အစည်းလို့ ထင်စရာဖြစ်နေတယ်။
တကယ်တော့ ဘီဘီစီသတင်းဌာနဆိုတာ သတင်းလောကရဲ့ဘိုးအေကြီးပါ။ အခုကျွန်တော်ပြောခဲ့တဲ့ အကြောင်းအရာအားလုံး ဘီဘီစီမြန်မာပိုင်းဌာနက တာဝန်ရှိသူတွေ သိပြီးသားကိစ္စတွေပါ။ ဘာကြောင့် အခုလို ခေါင်းစဉ်တွေပေးပြီး သတင်းဖော်ပြသလဲဆိုတာတော့ သူတို့ပဲအသိဆုံး ဖြစ်မှာပါ။
မြန်မာသုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Burma Affairs and Conflict Study အဖွဲ့ကတော့ မြောက်ခင်ရန်းရွာမှာ PDF နှစ်ဦးကို အရှင်လတ်လတ်သတ်ဖြတ်မှုကိုကျူးလွန်သူတွေဟာ စစ်ကောင်စီတပ် လက်အောက်ခံ လက်နက်ကိုင်တွေဖြစ်ကြောင်း သက်သေတွေနဲ့တကွ အစီရင်ခံစာထုတ်ပြန်ခဲ့သလို ဘီဘီစီ မြန်မာပိုင်းဌာနအနေနဲ့ စစ်ကောင်စီနဲ့ PDF တွေ အပြန်အလှန်စွပ်စွဲနေကြောင်း ပုံဖော်ရေးသားထားတယ်လို့ မှတ်ချက်ပြု ဖော်ပြထားတာ တွေ့ရပါတယ်။
အခုလို အသုံးအနှုန်းကြောင့် မြန်မာစာဖတ်ပရိတ်သတ်အများအပြား ဘီဘီစီမြန်မာပိုင်းဌာနအပေါ် ဒေါသတွေထွက်နေကြပြီး BBC Burmese YouTube Channel အောက်မှာ ဝေဖန်တဲ့မှတ်ချက် ၆၀၀ နီးပါးအထိ တုန့်ပြန်ထားတာလည်း တွေ့ရပါတယ်။ ပရိတ်သတ်တွေက ဘီဘီစီရဲ့ သတင်းကို စိတ်ပျက်မိကြောင်း ကွန်မန့်ဝိုင်းပေးကြတဲ့နောက် ဘီဘီစီမြန်မာပိုင်းဌာနက သူတို့သတင်းရဲ့ခေါင်းစဉ်ကို “မြောက်ခင်ရန်းက လူမဆန်တဲ့သတ်ဖြတ်မှု”လို့ ပြောင်းလဲခဲ့ပြီး “အပြန်အလှန်စွပ်စွဲ”ဆိုတဲ့စာသားကို ဖြုတ်ချပြင်ဆင်ခဲ့ပါတယ်။
ကျွန်တော်တို့ လွတ်လပ်တဲ့သတင်းမီဒီယာလောကမှာ ဘီဘီစီမြန်မာပိုင်းဌာနရဲ့ တချို့သော သတင်း တင်ဆက်မှုနဲ့ အသုံးအနှုန်းတွေဟာ အာဏာသိမ်းစစ်ကောင်စီဘက်ကို ပညာသားပါပါနဲ့ မသိမသာ ကာကွယ်ပေးတာ၊ သတင်းဖြန့်ချီပေးနေတာလို့ ယူဆရတဲ့ကိစ္စတွေကို ဆွေးနွေး ပြောဆိုနေကြတာ ၂ နှစ်နီးပါးရှိခဲ့ပါပြီ။
ပြည်ပသတင်းမီဒီယာကြီးများထဲမှာ RFA မြန်မာပိုင်းဌာနဆိုရင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို အင်တာဗျူးမရတာ၊ ဖုန်းဆက်ရင်မကိုင်တာ နှစ်နဲ့ချီကြာခဲ့ပါပြီ။ VOA Burmese ဌာနကတော့ ရံဖန်ရံခါ အင်တာဗျူးရတာ တွေ့ရတယ်။ ပြည်ပမီဒီယာကြီးများထဲမှာတော့ ဘီဘီစီ မြန်မာပိုင်း ဌာနဟာ ဗိုလ်ချုပ် ဇော်မင်းထွန်း အကြိမ်အရေအတွက်အများဆုံး အင်တာဗျူးဖြေကြားတဲ့သတင်းဌာနလို့ ဆိုနိုင်ပါတယ်။ ဒါကလည်း အာဏာသိမ်း စစ်ကောင်စီဘက်က ဘီဘီစီ မြန်မာပိုင်းရဲ့ ရပ်တည်ချက်၊ မူဝါဒနဲ့ သတင်း တင်ဆက်မှုကို သဘောကျလို့လည်း ဖြစ်နိုင်ပါတယ်။
ပြောရင်းနဲ့ သတိရလာလို့ ကျွန်တော်ဖတ်ခဲ့တဲ့ ဘီဘီစီသတင်းတွေအကြောင်းလည်း တပါတည်း ပြောချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်ကနေ ပြင်ပနေအိမ်တလုံးကို ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းတစ်ခုမှာဆိုရင် ဘီဘီစီက ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းဆက်မေးခဲ့တယ်။ ဟိုက ဘယ်လို ပြန်ဖြေသလဲတော့ မသိပါ။ ဘီဘီစီကတော့ “ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိန်းသိမ်းဖြေကြားတယ်”လို့ သတင်းထဲ ထည့်ရေးခဲ့ပါတယ်။
ကျွန်တော်တို့ သတင်းလောကမှာ “ထိန်းသိမ်းဖြေကြားတယ်”ဆိုတဲ့အသုံးအနှုန်း မရှိပါ။ ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး Yes (or) No ပဲ ရှိပါတယ်။ အခုက “ထိန်းသိမ်း ဖြေကြားတယ်”ဆိုတော့ ကျွန်တော်လည်း ဘာပြောရမှန်းကို မသိတော့။ စစ်တပ်နဲ့ ဆက်ဆံရေးပျက်မှာစိုးလို့ ဘီဘီစီဘက်က ထိမ်းရေးခဲ့တယ်လို့ပဲ ရိုးရိုးရှင်းရှင်း တွေးမိပါတယ်။
တခါ စစ်ကောင်စီက အာဏာသိမ်း (၂) နှစ် (၆) လပြည့်ပြီး နောက်ထပ် သက်တမ်းတိုးမယ့်အခြေအနေကို ဘီဘီစီ မြန်မာပိုင်းဌာနက အထူး ဆောင်းပါး အနေနဲ့ တင်ဆက်ရာမှာလည်း စစ်ကောင်စီ (၆) လတစ်ခါ သက်တမ်းတိုးတာဟာ ဥပဒေနဲ့အညီ သက်တမ်းတိုးနေသလို ဖော်ပြခဲ့တယ်။
ဒါ့အပြင် (၂) နှစ်ခွဲတာကာလအတွင်း စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်၊ ညှဉ်းပန်းနှိပ်စက်၊ ရွာမီးရှို့၊ လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ သေခဲ့ရတဲ့ ပြည်သူအရေအတွက်တွေ၊ အိုးအိမ်ထိခိုက်မှု ကိန်းဂဏန်းတွေ၊ စစ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေခံစားထိခိုက်မှုတွေ ဘာတစ်ခုမှ ထည့်သွင်းမဖော်ပြဘဲ သတင်း တင်ဆက်ခဲ့တယ်။ မသိရင် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်ဟာ ဘာဆိုးကျိုးမှ မခံစားရသလို ဖော်ပြခဲ့တယ်။
ဒါတင်မက “ရွေးကောက်ပွဲ မကျင်းပပေးသရွှေ့ စစ်အုပ်ချုပ်ရေးက တာရှည်နေဦးမှာ ဖြစ်ပါတယ်”ဆိုပြီး
အာဏာသိမ်းစစ်အုပ်စုလိုလားတဲ့ ရွေးကောက်ပွဲလမ်းကြောင်းပေါ်ဆွဲတင်တဲ့အသုံးအနှုန်းတွေနဲ့ သတင်း တင်ဆက်ခဲ့တာမျိုးလည်း မြင်တွေ့နားဆင်ခဲ့ဖူးပါတယ်။ မြောက်ခင်ရန်းရွာသတင်းအကြောင်းရေးရင်း ယခင်က မှတ်မိခဲ့တဲ့အကြောင်းလေးတွေ တဆက်ထဲ ချရေးမိတာပါ။
တကယ်တော့ ကျွန်တော်ဟာလည်း ဘီဘီစီ မြန်မာပိုင်းဌာနရဲ့ အမာခံ သောတရှင်တစ်ဦးပါပဲ။ ဘီဘီစီကို ငယ်ငယ်ကတည်းက အခုအချိန်အထိ အခါအခွင့်သင့်တိုင်း နားထောင်ခဲ့သူပါ။ ဘီဘီစီလို ကမ္ဘာ့အဆင့်မီ နိုင်ငံတကာသတင်းဌာနကြီးတစ်ခုက တစ်နိုင်ငံလုံး ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုကြီးကို ဝေဝေဝါးဝါးဖြစ်အောင် ရေးသား တင်ဆက်ခဲ့တဲ့အပေါ်မှာ အခြားသော ပရိတ်သတ်များနည်းတူ ကျွန်တော်လည်း စိတ်ပျက်မိတာ အမှန်ပါပဲ။
(ယခုဖော်ပြသော အတွေးအမြင်ဆောင်းပါးသည်
စာရေးသူ၏အာဘော်သာဖြစ်ပါသည်။)